Sunday, January 23, 2011

ကြိတ်ကြိတ်တိုး ၀ယ်ယူအားပေးခဲ့ကြတဲ့ နေတိုးရဲ့ “စေ့ထားသောတံခါးများ”စာအုပ်

0 Comment

ရုပ်ရှင်လောကမှာ ၁၀ နှစ်ကျော်တိုင် အောင်မြင်မှုများနဲ့ ရပ်တည်လာခဲ့တဲ့ သရုပ်ဆောင်နေတိုးက သူ့ရဲ့ပရိတ်သတ်များအတွက် စေ့ထားသောတံခါးများ (Mini-Biography and Fashion) စာအုပ်ကို ၂၀၁၁-ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ စတင်ပြီး ဖြန့်ချိပေးလိုက်ပြီလို့ သိရပါတယ်။

နေတိုးရဲ့ စေ့ထားသောတံခါးများစာအုပ်ကို ကိုချိုင်လွှင်က စီစဉ်ပေးတာဖြစ်ပြီး ဒီစာအုပ်မှာ နေတိုးရဲ့ အနုပညာဖြစ်တည်မှု၊ အနုပညာသဘောထား၊ ၀ါသနာ၊ ဘာသာရေးအမြင်၊ အသိအမြင်စာအုပ်များ၊ နေတိုးရဲ့ ကိုယ်တိုင်ရေး နှလုံးသားခံစားမှုကဗျာများ၊ စာစုများ၊ နှလုံးသားရေးရာ၊ ဇာတ်ကောင်စရိုက် ၀င်စားမှုများပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီစာအုပ်မှာ နေတိုးကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓါတ်ပုံများ၊ နေတိုးကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားများ၊ နေတိုးရဲ့ Fashion style ဓါတ်ပုံများ ဝေေ၀ဆာဆာနဲ့ နေတိုးကိုယ်တိုင်ရေးသားပြုစုထားတဲ့ အနုပညာသက်တမ်း ၁၀ နှစ်တာကာလ ဖြတ်သန်းမှုများကို ခေါင်းစဉ် ၂၁ ခုခွဲပြီး တင်ပြပေးထားပါတယ်။

 နေတိုးရဲ့ အနုပညာလှုပ်ရှားမှု မှတ်တမ်းများကို စိတ်ဝင်စားကြတဲ့ ပရိတ်သတ်များအတွက် Map Paper ရောင်စုံ၊ 4 Colour နဲ့ Treasure (ရတနာသိုက်)စာပေဖြန့်ချိရေးက ဖြန့်ချိပေးလိုက်ပြီလို့သိရပါတယ်။ နေတိုးရဲ့ စေ့ထားသောတံခါးများ စာအုပ်ထွက်ရှိခြင်း အထိမ်းအမှတ်အနေနဲ့ မွန်းလွဲ ၁ နာရီမှာ ပြည်လမ်း၊ စိန်ဂေဟာမှာ နေတိုးရဲ့ အနုပညာအပေါင်းအသင်းများဖြစ်ကြတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းသွေး၊ ကျော်ကျော်ဗို၊ ရဲလေးနှင့် ထွန်းထွန်းတို့က ပရိတ်သတ်များကို အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ပြီး စာအုပ်ကို ငွေကျပ် ၇၀၀၀ နဲ့ရောင်းချကာ စီဒီတစ်ချပ်လည်း မေတ္တာလက်ဆောင် ထည့်ပေးထားတာ တွေ့ရပါတယ်။

Source: The Ray of Light