Monday, January 24, 2011

ရှယ်ယာဝင် ဦးရေ ၁ သိန်းခန့် စုပေါင်းပြီး အများပိုင်ကုမ္ပဏီအဖြစ် ပြုလုပ်သွားမည်ဟု RNDP ပြော

0 Comment

ရှယ်ယာငွေကျပ်သိန်းပေါင်း ၁ သောင်းဖြင့် ကုမ္ပဏီလုပ်ငန်းတည် ထောင်ရန် ရခိုင်ပါတီမှ စီစဉ်နေပြီး ၂ဝ၁၁ မတ်လခန့်တွင် အကောင် အထည်ဖော် ဆောင်သွားနိုင် မည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

ရှယ်ယာတစ်ခုကို ၁ သိန်း နှုန်းနဲ့ လူဦးရေ ၁ သိန်းလောက် စုပေါင်းပြီး အများပိုင်ကုမ္ပဏီအဖြစ် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်လည်း ရှယ်ယာပါမယ်လို့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ ပါတီ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့တော့ ကင်းပါတယ်။ ကုမ္ပဏီကို ဦးဆောင်မယ့် သူတော့ မရှိသေးပါဘူး။ အများအားဖြင့်တော့ ကုမ္ပဏီလုပ်ငန်းကျွမ်းကျင် သူတွေပဲ ဦးဆောင်သွားရမှာပါဟု ၄င်းကဆို သည်။

ပါတီများ၏ စီးပွားရေးကဏ္ဍ လုပ်ပိုင်ခွင့်တွင် ပါတီကုမ္ပဏီမှတ်ပုံ တင်ခြင်း ဥပဒေ၌ ကဏ္ဍ ၆ ခုကို လုပ်ပိုင်ခွင့်ရှိသော်လည်း ကဏ္ဍ ၄ ခုကိုသာ လုပ်ကိုင်သွားရန် စီစဉ် ထားကြောင်း၊ ကုမ္ပဏီ၏ အမြတ်အ စွန်းရရှိငွေ ၂၅ ရာခိုင်နှုန်းကို ပါတီ အတွက် အသုံးပြုသွားမည်ဖြစ်ပြီး ကျန် ၇၅ ရာခိုင်နှုန်းမှာ ရှယ်ယာ များဆီ စီးဆင်း သွား မည်ဖြစ်ကြောင်း သိရသည်။လောလောဆယ် ကျွန်တော် တို့ ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးနိုင်တဲ့ ဆောက်လုပ်ရေး၊ ရေလုပ်ငန်း၊ မွေးမြူရေးနဲ့ ကုန်သွယ်ရေးအပိုင်းတွေ ကို ဦးတည်ပြီးလုပ်သွားမယ်ဟု၎င်းက ပြောသည်။

လက်ရှိတွင် ကုမ္ပဏီ၏ အမည်ကို သီရိဝစ္စဟု အမည်ပေးထားပြီး ပါတီအတွက်ရရှိသည့်အမြတ်အ စွန်းငွေကို ရခိုင် ပြည်နယ်ရှိ ပြည်သူ များ၏ ကျန်းမာရေး၊ ပညာရေးနှင့် ပါတီ၏ ဝန်ထမ်းလစာအတွက် အဓိကအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ ပြည်နယ်က ထူးချွန်တဲ့ကျောင်းသားတွေကို ပြည် တွင်းပြည်ပ ပညာသင်ကြားနိုင် အောင် ထောက်ပံ့ပေးနိုင်ဖို့ ရန်ပုံငွေ ထူထောင်မယ်လို့ ရည်ရွယ်ထားပါတယ်။ မထင်မှတ်ဘဲ ဖြစ် ပေါ်လာ တတ်တဲ့ ရာသီဥတုရဲ့ဘေးဆိုးကျိုး တွေဖြစ်လာရင်လည်း ပြုပြင်သွားလို့ ရအောင် အားလုံးကို ညှိနှိုင်းဆွေးနွေး ပြီး ခုလိုရာခိုင်နှုန်းဖြတ် ချထားတာပါ။ ဒီအစီ အစဉ်ဟာ လွှတ်တော်ပေါ်ပြီး မတ်လလောက်မှာ ပေါ်ပေါက်လာမှာ ပါဟု ဒေါက်တာအေးမောင်က ထပ်လောင်း ဆိုသည်။

အဆိုပါကုမ္ပဏီ၏ စီးပွားရေး အစုရှယ်ယာ လုပ်ငန်းများကို ရန်ကုန် တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ပါတီ စီးပွားရေးစိတ်ဝင်စားသူများက ကမ်းလှမ်းလုပ်ကိုင်ရန် စိတ်ဝင်စားကြပြီး အဓိက စိတ်ဝင်စားသည့်မြို့ နယ် ၁၇ မြို့နယ်ခန့်ရှိကြောင်းသိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ၂ဝ၁ဝ ရွေးကောက်ပွဲ၌ ကိုယ်စား လှယ်လောင်း ၄၄ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၃၅ ဦးအနိုင်ရရှိခဲ့သည့်ပါတီဖြစ်သည်။
 

အောင်ထက် (NYK)