Monday, February 21, 2011

ယူနီဆက်ဖ်မှ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင် ယာယီကျောင်းပေါင်း ၁၀၀ ကျော် ဆောက်လုပ်ပေးနေ

0 Comment
နန်းတင်ထွေး  
  
ယူနီဆက်ဖ်မှတည်ဆောက်ပေးခဲ့သည့် ယာယီကျောင်း 
တစ်ကျောင်းတွင် ကလေးငယ်များ ပညာသင်ယူနေစဉ်။
၂၀၁၀ အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်း ဒဏ်အား အဆိုးဝါး ဆုံးခံစားခဲ့ရသည့် ရခိုင်ပြည်နယ် ရှိ မြေပုံနှင့် မင်းပြား မြို့ နယ်တို့တွင် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) မှယာယီ ကျောင်းဆောင်များ ဆောက်လုပ်ပေးနေကြောင်း သိရသည်။


"မုန်တိုင်းပြီးတော့ ကျောင်းတွေ ပျက်စီးပြီး ကလေးတွေတော်တော် များများ စာသင်ဖို့ ဒုက္ခရောက်ကြတယ်။ ဘုန်းကြီးကျောင်းတွေ တစ်ခါ တလေ တချို့အိမ်တွေရဲ့အောက်မှာ သင်ရတာမျိုးတွေ ရှိတယ်။ ရတဲ့ နေရာကြတော့လည်း ကျောင်းသားဦးရေနဲ့မမျှတော့ နေရာခွဲသင်ရ တာမျိုးတွေ ရှိတယ်။ အဲဒီအတွက် ဒီယာယီကျောင်းတွေ ဆောက်ဖြစ် တာပါ" ဟု UNICEF မှ Education Specialist ဖြစ်သူ ဦးဝင်းအောင်က ပြောသည်။
ထိုစီမံကိန်း၏ ပထမဆုံးတည် ဆောက်မှုအဖြစ် ၂၀၁၀ ဒီဇင်ဘာလမှ ၂၀၁၁ ဇန်န၀ါရီ လအထိ မြေပုံ၊ ပေါက်တောနှင့် ကျောက်ဖြူ တို့တွင် ကျောင်း ၁၀၀ တည်ဆောက်ပေးခဲ့ပြီးဖြစ်ကာ ဒုတိယတည်ဆောက်မှုအဖြစ် ယခုလ ပထမပတ်ကစတင်ခါ မြေပုံနှင့် မင်းပြား တို့တွင် ၃၉ ကျောင်း တည်ဆောက်ပေးနေကြောင်း သိရသည်။

ထိုကျောင်းများတည်ဆောက်မှုအား မြို့နယ်ပညာရေးဌာန စစ်တမ်းကောက် ယူမှုအရ တည်ဆောက်ခြင်းဖြစ်ကာ ကျောင်းသားပေါင်း ၁၃,၀၀၀ ကျော်အတွက် ဘေးကင်းလုံခြုံစွာ ပညာသင်ယူ နိုင်ရန်ရည်ရွယ်ထားသည်။

ကျောင်းတစ်ကျောင်းစီအတွက် ယူနီဆက်ဖ်မှ ကျပ်ခုနစ်သိန်းခွဲ ကုန်ကျခံပြီး အချို့ရွာများတွင် ပိုလျံသည့်ငွေကြေးများအား စာရေး စားပွဲ၊ ကုလားထိုင်အစ ရှိသည့် ကျောင်းသုံးပရိဘောဂများအတွက် သုံးစွဲကြောင်း သိရသည်။

Source ကို မြန်မာတိုင်း(မ်) အတွဲ ၂၆၊ အမှတ် ၅၀၆ မှ ယူထားသည်။