Sunday, February 13, 2011

စစ်တွေမြို့တော်၏ ဖွံ့ဖြိုးမှု ပုံရိပ်သစ်များ

0 Comment

ကျွန်းသားငမန်း

ဆောင်းနှင်းမြူတို့ကြောင့် ပတ်ဝန်းကျင်မှာ မှုန်မှိုင်းနေသည်။ နံနက် ၇ နာရီထိုးသည့်တိုင် မြူနှင်းတို့ မကွဲသေး။ ကောင်းမြတ်သူသည် စစ်တွေမြို့၊ ကုလားတန်မြစ်ကမ်းဘေးရှိ ရှုခင်းသာလမ်းတွင် လမ်းလျှောက်ရင်း ကုလားတန်မြစ်ပြင်မှ ဖြတ်သန်းတိုက် ခတ်လာသည့် လတ်ဆတ်သော လေအေးအေးကြောင့် အားသစ် အင်သစ်များ ဖြစ်ပေါ်လာသည်သို့ ခံစားလိုက်ရသည်။ ကောင်းမြတ်သူလိုပင် ရှုခင်းသာလမ်းတွင် လမ်းလျှောက်နေသူတို့မှာ အများသား။ စစ်တွေမြို့ ဆောင်းရာသီ၏ ဖက်ရှင်တစ်ခုလည်း ဖြစ်သည်။ ကျန်းမာရေးအတွက် လမ်းလျှောက်ကြတာတဲ့။ သည်လို အုံနှင့်ကျင်းနှင့် လမ်းလျှောက် ဖြစ်တာကိုတော့ ဆောင်းတွင်းကာလ မှာသာတွေ့ရတတ်သည်။ တကယ် တော့လည်း ဆောင်းအငွေ့၊ ဆောင်း အအေးနှင့် ဆောင်းလေအေးမှာ ကောင်းမြတ်သူတို့အား လန်းဆန်း တက်ကြွစေသည်။ ကောင်းမြတ်သူ အနှစ်သက်ဆုံးရာသီဥတုကို ပြောပါ ဆိုလျှင် ဆောင်းရာသီကိုသာ ညွှန် ပြရမည်။  

ကုလားတန်မြစ်၏ အရှေ့ဘက်တန်း ဝဖီးချပ် တောင်ဆွယ်မှ နေလုံးနီသည် မဝံ့မရဲဖြင့် ပြူထွက်လာသည်။ ဆောင်းနှင်းငွေ့တို့ကြောင့် နေရောင်ခြည်သည်ပင် မထွန်းလင်းရဲ သည်သို့ရှိနေသည်။ ကုလားတန်မြစ် ပြင်မှာတော့ မြူနှင်းငွေ့တို့ ရစ်သိုင်း ထားဆဲဖြစ်သည်။ မြင်ကွင်းမပီသော်လည်း ကုလားတန်မြစ်ကြောင်း အတွင်းအစုန်၊ အဆန် ခုတ်မောင်း သွားလာနေကြသည့် မော်တော်၊ သင်္ဘောများ၏ စက်သံကိုကြားနေရသည်။ ကုန်တင်ကမ်းရိုးတန်းသွား သင်္ဘောတွေ၊ ပြည်တွင်းခရီးသည်နှင့် ကုန်စည်တင် သင်္ဘောတွေ၊ မော်တော် တွေ၊ ငါးဖမ်းလှေကလေးတွေ။ ကုလားတန်မြစ်ပြင်မှာ သက်ဝင် လှုပ်ရှားလျက် ရှိနေသည်။  

စစ်တွေမြို့ စာတိုက်ကြီးအနီး မင်းကြီးကျောက်တန်းဘေး တစ်နေရာမှာတော့ မြစ်ကြောင်းအတွင်း သဲများကို သယ်ချ၊ သယ်ဖို့နေကြသည့် အလုပ်သမားများကို မြင်ရသည်။ ဆောင်းနံနက်ခင်း ဖြစ်သော်လည်း သူတို့မှာ အအေးဒဏ်ကို မမှုကြ။ သဲသယ်ယူလာကြသည့် ကားများ တစ်စီးပြီးတစ်စီး ဝင်ရောက်လာနေကြ သည်။ အလုပ်သမားများမှာ မြေညှိသူကညှိ၊ ကားပေါ်မှ သဲများကို ဂေါ်ဖြင့် ယက်ချသူကချနေကြသည်။ ၂ဝဝ၈ ခုနှစ်၊ ဧပြီလက နှစ်နိုင်ငံ သဘောတူ စာချုပ်ချုပ်ဆို ခဲ့ပြီးဖြစ်သော မြန်မာ - အိန္ဒိယ ဘက်စုံသုံး မြစ်ကြောင်း ဖြတ်သန်း သယ်ယူပို့ ဆောင်ရေးလုပ်ငန်းစီမံကိန်း၏ ပထမ ဆင့်ဖြစ်သည့် စစ်တွေဆိပ်ကမ်း အားတည်ဆောက်ရန် လုပ်ငန်းစတင် နေခြင်းဖြစ်သည်။ ဤစီမံကိန်းအရ စစ်တွေမြို့ လက်ရှိ ဖောင်တော်ကြီး အနီးတွင် တန်ချိန် ၂ဝဝဝဝ DWT ရှိ သင်္ဘောကြီးများ ဆိုက်ကပ်၍ ကုန် တင်ကုန်ချ ပြုလုပ်နိုင်မည့် ဆိပ်ခံ တံတားကြီး တည်ဆောက်မည်ဟု ဆိုသည်။ ပင်လယ်ကူး သင်္ဘောကြီး များ ဆိုက်ကပ် ဝင်ထွက်နိုင်ရန် ကုလားတန်မြစ်ဝကိုလည်း ရေစူးအနက် ၇.၉ မီတာရှိအောင် တူးဖော်ကြမည် ဟုဆိုသည်။ ထို့အတူ စစ်တွေမှ ချင်းပြည်နယ်၊ ပလက်ဝမြို့အထိ ကုလား တန်မြစ်ကြောင်းအရှည် ၁၅၈ ကီလို မီတာလမ်းကြောင်းအား သောင်တူးဖော်ခြင်း၊ ပလက်ဝမှ နယ်စပ် မြိတ်ဝအထိ ၁၂၉ ကီလိုမီတာရှိ ဟိုက်ဝေးလမ်းမကြီး တည်ဆောက် ရေးလုပ်ငန်းများကို တည်ဆောက် ကြမည်ဟု ဆိုသည်။

ကောင်းမြတ်သူသည် ကုလား တန်မြစ်ကမ်းဘေးရှိ ရှုခင်းသာလမ်းတွင် ဆောင်းတွင်းကာလ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ရင်း ၂ဝ၁ဝ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး အုပ်မြစ်ချအခမ်းအနားတွင် သက်ဆိုင်ရာတို့က ပြောကြား ခဲ့သည်များကို ကြားယောင်လာခြင်း ဖြစ်သည်။

စစ်တွေမြို့သည် မြန်မာ - အိန္ဒိယ ဘက်စုံသုံးဖြစ်ကြောင်း သယ်ယူပို့ ဆောင်ရေးစီမံကိန်းနှင့်အတူ စီးပွားရေး အခွင့်အခါ ကောင်းများကို ရရှိလာနိုင် မည်ဟုလည်း ယုံကြည်မှုဖြစ်နေမိသည်။

စစ်တွေပုံရိပ်ကို ကြည့်မြင်ခြင်း
 
မြန်မာနိုင်ငံ၏ အနောက်ဘက် တွင်ရှိသည့် ရခိုင်ကမ်းမြောင်ဒေသမှာ အလျားမိုင်ပေါင်း ၄၄၃ မိုင်ရှည်လျား သည်။ ဘင်္ဂလား ပင်လယ်အော်ကို မေးတင်ထားသည့် ဒေသဖြစ်၍ ကမ်းရိုးတန်းဒေသ မြို့ကြီးများမှာ ပင်လယ်ကူးသင်္ဘောများ ဝင်ထွက် ဆိုက်ကပ် ကုန်သွယ်ဝယ်ရောင်းပြုရာ ပင်လယ်ဆိပ်ကမ်းကောင်းများ ရှိနေကြသည်။ စစ်တွေဆိပ်ကမ်း၊ ကျောက်ဖြူဆိပ်ကမ်းနှင့် သံတွဲဆိပ်ကမ်းများမှာ ရခိုင်ကမ်းရိုးတန်း ဒေသ၏ စီးပွားရေး အချက်အချာကျသည့် ဆိပ်ကမ်းများအဖြစ် ထင်ရှားကြသည်။ ကျောက်ဖြူဆိပ်ကမ်းဆိုလျှင် တရုတ်နိုင်ငံနှင့် ပူးပေါင်းကာ ရေနက်ဆိပ်ကမ်းအဖြစ် ဆောက်လုပ် သွားမည်ဖြစ်သည်။ စစ်တွေ ဆိပ်ကမ်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် ဆိပ်ကမ်းဖြစ်သည်။ ထို့အတူ ရိုးမအရှေ့မှ ကုန်ပစ္စည်းများမှာ ကမ်းရိုးတန်းသွား သင်္ဘောများနှင့် သယ်ဆောင်ပို့ပေးနေရသည့် ဆိပ်ကမ်းလည်းဖြစ်သည်။ စစ်တွေမြို့သည် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများနှင့်အတူ နယ်စပ် ဖြတ်ကျော်ကုန်သွယ်ရာတွင် အဓိက ကျလာမည့် နေရာတစ်ခုအဖြစ် စီးပွား ကုန်သွယ်သူများက ရှုမြင်သုံးသပ်နေ ကြပြီဖြစ်သည်။

မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးကို စစ်တွေ(ရွှေမင်းဂံ) ဆိပ်ကမ်းမှ အက်ဖ်အိုဘီ(စစ်တွေ) စနစ်ဖြင့်ဆောင်ရွက်နေခြင်းနှင့် မြန်မာ -အိန္ဒိယ နှစ်နိုင်ငံ သဘောတူညီ ချက်ဖြင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ရေကြောင်း သယ်ယူပို့ ဆောင်ရေးလုပ်ငန်းစီမံကိန်းနှင့် စစ်တွေဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းတို့က စီးပွားရေးလုပ်ငန်းရှင် များ၏ ထင်မြင်ယူဆချက်များကို အထောက်အကူပြုနေကြောင်းတွေ့ရ သည်။

စစ်တွေမြို့ဆိုတာ
 
စစ်တွေ့မြို့မှာ ရခိုင်ပြည်နယ်၏ စီးပွားရေး မြို့တော်လည်းဖြစ်၊ အုပ်ချုပ်ရေး မြို့တော်လည်း ဖြစ်သည်။ တစ်ချိန်က စစ်တွေမြို့ တည်ရှိခဲ့သော နေရာမှာ တံငါရွာလေး တစ်ရွာမျှသာ ဖြစ်ခဲ့သော်လည်း မြန်မာနိုင်ငံ အောက်ပိုင်းကို ဗြိတိသျှတို့ သိမ်းယူလိုက်ပြီး နောက်ယခင် မင်းနေပြည်မြို့ဟောင်း မြောက်ဦးမြို့မှ စစ်တွေမြို့နေရာသို့ ပြောင်းရွှေ့ခဲ့ကာ စစ်တွေမြို့အား ရခိုင် ပြည်နယ်၏ အုပ်ချုပ်ရေးမြို့တော် အဖြစ် ပုံဖော်တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ ထို့အတူ ဘင်္ဂလား ပင်လယ် အော်အတွင်းသို့ စီးဝင်နေသည့် ကုလားတန်မြစ်တွင် တည်ရှိနေခြင်းကြောင့် ဒေသ၏ စီးပွားရေးကို ရေကြောင်း ကုန်သွယ်မှုဖြင့် တိုးတက်အောင် ဖန်တီးလုပ်ဆောင် ခဲ့ကြခြင်းဖြင့် စစ်တွေမြို့မှာ စီးပွားရေးမြို့တော်အဖြစ် ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။

''
စစ်တွေမြို့တည်နေတဲ့ ကျွန်း နေရာဟာ မြန်မာ ဘုရင်တွေ လက်ထက်က တံငါရွာအဆင့်သာရှိတဲ့ နေရာဖြစ်ပါတယ်။ ကျွန်းရဲ့ အတွင်း ပိုင်းနေရာအချို့မှာ ရခိုင်စစ်စခန်းတွေ တည်ရှိခဲ့ပေမယ့် စစ်တွေမြို့နေရာဟာ ပကတိ ကျေးရွာလေး တစ်ရွာပါပဲ။ စစ်တွေမြို့ကို ဗြိတိသျှ အစိုးရက ၁၉၂၆ ခုနှစ်မှာ မြောက်ဦးမြို့က ပြောင်းရွှေ့တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကုလားတန် မြစ်ဝမှာရှိပြီး ပင်လယ်ရေကြောင်းနဲ့ အဆက်အသွယ် အသွားအလာကောင်းတဲ့ နေရာဖြစ်တာကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် စစ်တွေ ဆိပ်ကမ်းကို ၁၈၈၅ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး အိန္ဒိယနိုင်ငံအပါအဝင် ပြည်ပတိုင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ထွက်တဲ့ ဆား၊ ဆန်စပါး၊ သစ်၊ ဝါဂွမ်း စတာတွေကို စစ်တွေဆိပ်ကမ်းကို အမှီပြုပြီး တင်ပို့ရောင်းချခဲ့ကြတာ ဖြစ်ပါတယ်''ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်စံလှနှင့် စစ်တွေမြို့ အိုးတန်းရပ်ကွက်မှ ဦးဆမ်းသိုက် ရွှေ(ရွှေဥ ပေါ်ဆန်းမွှေး)တို့က ပြောပါသည်။

''
စစ်တွေဆိပ်ကမ်းသို့ ၁၉၇၂ ခုနှစ်အထိ နိုင်ငံခြား ဆန်တင် သင်္ဘောတွေ ဝင်ရောက်ပြီး စပါးနဲ့ ဆန်တွေကို သယ်ယူပို့ဆောင် တင်ပို့ ခဲ့ကြပါသေးတယ်။ ၁၉၇၂ ခုနှစ် နောက်ပိုင်းကစပြီး စစ်တွေဆိပ်ကမ်းသို့ နိုင်ငံခြားသင်္ဘောတွေ ဝင်ရောက်မှု ရပ်နားခဲ့ပြီး ဆန်တင်ပို့မှုဟာလဲ ရပ်ဆိုင်းသွားခဲ့ပါတယ်။ နိုင်ငံခြား ကုန် တင်သင်္ဘောကြီးတွေ ဝင်ထွက်သွား လာမှုမရှိတော့ပေမယ့် ကမ်းရိုးတန်း သွား သင်္ဘောတွေ၊ ရန်ကုန် -စစ်တွေ အသွား၊ အပြန် ဝင်ထွက် ဆိုက်ကပ်ပြီး ကုန်တင်၊ ကုန်ချ ပြုလုပ်နေတဲ့ မြို့တစ်မြို့လဲဖြစ်ပါတယ်'' ဟု ၄င်း တို့က ဆက်လက်ပြောကြားခဲ့သည်။

အမှန်ပြောရလျှင် စစ်တွေမြို့နှင့် မြို့နယ်မှာ အဓိက ထွက်ကုန်ဟူ၍ မည်မည်ရရရှိနေသည်တော့ မဟုတ်ပေ။ မြို့နယ်အတွင်း ကမ်းခြေဘက် ကျေးရွာများသည် ပင်လယ်ငါးဖမ်း ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး အခြေအနေပေးသည့် နေရာများတွင် ရေငန်ပုစွန်မွေးမြူရေးကို လုပ်ကိုင် နေကြသူများဖြစ်ကြသည်။ ပင်လယ် ငါးဖမ်းခြင်းလုပ်ကိုင်သည် ဆိုရာ၌ ပင် ကမ်းဝေး ငါးဖမ်းခြင်း လုပ်ငန်းကို လုပ်ကိုင်ခြင်းမဟုတ်ကြ။ ကမ်းနီး ငါးဖမ်းကွက်များတွင်သာ လောင်းလှေငယ်ကလေးများ၊ စက်တပ်မော် တော်ကလေးများဖြင့် လုပ်ကိုင်နေကြသူများ ဖြစ်သည်။ အတွင်းပိုင်း ကျေးရွာများတွင်မူ စပါးစိုက်ပျိုးခြင်းနှင့် ဆောင်းသီးနှံ စိုက်ပျိုးလုပ်ကိုင်နေကြ ခြင်းဖြစ်သည်။ စပါးနှင့် ဆောင်းသီး နှံများမှာလည်း မြို့နယ်အတွင်းနေသူတို့ စားသုံးရန်အတွက်သာ ဖြစ်သည်။ သို့ရာတွင် ဖူလုံခြင်းပင် မရှိကြ။ စစ်တွေမြို့နယ်တွင် ကျေးရွာအုပ်စုနှင့် ရပ်ကွက်ပေါင်း ၆၂ ခုရှိရာ ရပ်ကွက် ၃၂ ကွက်ရှိသည်။ မြို့နယ်အတွင်း နေထိုင်သူ ဦးရေ ၂၆၉၁၃၈ ဦးရှိ သည့်အနက် မြို့ပေါ်တွင်နေထိုင်သည့် လူဦးရေ စုစုပေါင်း မှာ ၁၅၃၃၄၁ ဦးရှိနေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မြို့နယ်ရှိ လူဦးရေ ထက်ဝက်ကျော်ခန့်မှာ မြို့ပေါ်နေ လူတန်းစားများ ဖြစ်ကြသည်ကို တွေ့ ကြရသည်။

''
စစ်တွေမြို့မှာ မြို့ပေါ် နေလူဦး ရေများတဲ့အပြင် မြို့ပေါ်နေ လူတန်း စားတွေကလည်း လက်လုပ်လက် စားတွေ၊ အစိုးရ အမှုထမ်းတွေ၊ ကုန်သည်ပွဲစားတွေ များတယ်။ ပြောရ မယ်ဆိုရင် စစ်တွေမြို့ရဲ့ စီးပွား ရေးဟာ ကုန်သွယ် ရောင်းဝယ်မှု လုပ်ငန်းကို အဓိကအားထားနေတဲ့ မြို့လဲဖြစ်ပါတယ်'' ဟု ရခိုင်ပြည် နယ်ကုန်သည်စက်မှုအသင်း အတွင်း ရေးမှူးဟောင်း ဦးစိန်မောင် က ထောက်ပြခဲ့သည်။ ၄င်းက ဆက် လက်ပြီး-

''
ကုန်သွယ်ရောင်းဝယ်မှု ပြုလုပ်တဲ့နေရာမှာ ဒေသတွင်း ကုန်သွယ်ရောင်းဝယ်မှုနဲ့ နယ်စပ်ကုန် သွယ်ရေးဆိုတာရှိပါတယ်။ ဒီအထဲမှာ အသွက်လက်ဆုံးကတော့ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းပဲ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး သွက်လက်ရင် စစ်တွေမြို့ရဲ့ စီးပွားရေးဟာ သွက်လက်နေပြီး နယ်စပ်ကုန်သွယ်ရေး ကျဆင်းရင် စစ်တွေမြို့ရဲ့ စီးပွားရေးဟာလဲ ထိုင်းမှိုင်းသွားတာကို မြင် တွေ့ကြရမှာဖြစ်ပါတယ်''ဟုလည်း ၄င်း၏ အမြင်ကို ပြောခဲ့သည်။

''
၁၉၉ဝ ပြည့်နှစ်မတိုင်မီ ကာလတွေကတော့ စစ်တွေမြို့ရဲ့ စီးပွားရေးဟာ ဒေသတွင်း ကုန်သွယ် ရောင်းဝယ်မှုနဲ့ ရှင်သန်နေခဲ့တာဖြစ် ပါတယ်။ ရခိုင်ဒေသ စီးပွားရေး လုပ်ငန်းရှင်အများစုဟာ ဒေသတွင်း ကုန်သွယ်မှုကို အားပြုလုပ်ကိုင် ဆောင် ရွက်ခဲ့ကြရတာလဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ - ဘင်္ဂလား ဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို မောင်တောမြို့ကတစ်ဆင့် ၁၉၉၅ ခုနှစ်မှာ စတင်ဆောင်ရွက် ကုန်သွယ်ခွင့် ရခဲ့ပြီး စစ်တွေနယ်စပ်ကုန်သွယ်ရေးကို ၁၉၉၇ ခုနှစ်မှာ ဆောင်ရွက်ကုန် သွယ်ခွင့် ရခဲ့ပါတယ်။ စစ်တွေနယ်စပ် ကုန်သွယ်ရေးနဲ့စပါး၊ ဆား၊ ကြက်သွန်နီ၊ ချင်းတက်၊ နနွင်းတက်၊ ဇီယာ၊ ဆီးယိုထုပ်တွေနဲ့ ရေချိုငါးတွေကို တင်ပို့နိုင်ခဲ့ပြီး စစ်တွေ မြို့ရဲ့ စီးပွားရေးဟာ ရှင်သန်နိုးထ လာခဲ့တာကို တွေ့ရပါတယ်။ အခု ၂ဝဝ၉ ခုနှစ်လယ်ပိုင်းကစပြီး ရေငန် ပုစွန်နဲ့ ငါးသလောက်တွေကို စစ်တွေနယ်စပ် ကုန်သွယ်ရေးနဲ့ စစ်တွေကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက် တင်ပို့ခွင့်ရလာတဲ့ အတွက် စစ်တွေမြို့ရဲ့ စီးပွားရေးကို အထောက်အကူ ပြုလာတာကို တွေ့ရပါတယ်။ စစ်တွေ နယ်စပ်ကုန်သွယ် ရေးရဲ့ အအောင်မြင်ဆုံး အကောင်း ဆုံးနှစ်တွေကို ပြောပါဆိုရင် ၁၉၉၇ ခုနှစ်ကနေ ၂ဝဝ၂ ခုနှစ်ကာလအထိ ဖြစ်ပါတယ်'' ဟု ၄င်း၏ အတွေ့ အကြုံများကို ဦးစိန်မောင်က ပြော ခဲ့သည်။

ကြက်သွန်နီ၊ ချင်းတက်၊ နနွင်းတက် တင်ပို့မှုမှာ မိမိဒေသထွက် ကုန်များကို အခြေခံ တင်ပို့ခြင်း မဟုတ်သော်လည်း ဆားနှင့် ဆန် စပါးတင်ပို့မှုမှာ မိမိဒေသထွက် ထွက်ကုန်များကို အခြေခံ တင်ပို့ရောင်းချခြင်း ဖြစ်သည်။ သို့ရာတွင် စစ်တွေနယ်စပ် ကုန်သွယ်ရေး စခန်းမှ အဓိက တင်ပို့ခဲ့ရသော ဆား၊ ဆန် စပါးကုန်သွယ်မှု လုပ်ငန်းမှာ ၂ဝဝ၄ ခုနှစ်မှစ၍ နောက်ပိုင်းတွင် သိသိသာသာကြီး ကျဆင်းသွားခဲ့သည်ကို တွေ့ခဲ့ရသည်။ ထိုကာလမှစ၍ စစ်တွေနယ်စပ်မှ ကုန်သွယ်ရေး လုပ်ဆောင်မှုများမှာ အကျဘက်သို့ ရောက်ရှိခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

''
၁၉၇၄ ခုနှစ်မတိုင်မီ ကာလအထိ စစ်တွေမြို့မှာ ဆန်စက် အကြီး၊ အသေး ၂ဝ ကျော်ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။ စစ်တွေခရိုင်အတွင်းက မြို့နယ်တွေဖြစ် တဲ့ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း မြို့နယ်တွေဟာဆန်စပါး အမြောက်အမြား စိုက်ပျိုးတဲ့ ဒေသတွေဖြစ်ပြီး နိုင်ငံခြား တင်ပို့ရောင်းချဖို့အတွက် စစ်တွေက စပါးအဝယ်တော်တွေဆီ စပါးတွေ လာရောင်းခဲ့ကြပါတယ်။ အဲဒီတုန်းက စစ်တွေမြို့ ဆတ်ရိုးကျ ချောင်းမှာဆိုရင် စပါးရာသီကာလမှာ စပါးသယ်တဲ့ လှေတွေ၊ သမ္ဗာန်တွေနဲ့ ပြည့်နှက်နေတတ်ပြီး ကုလားတန် မြစ်ဝမှာလဲ စစ်တွေကနေ ရရှိတဲ့ စပါးတွေ သယ်ယူဖို့ လာကြတဲ့ နိုင်ငံခြား ဆန်တင်သင်္ဘောတွေဟာ တစ်စီးကနေ နှစ်စီး၊ သုံးစီးအထိ ကျောက်ချ ရပ်နားကုန်တင်နေကြတာကို တွေ့ရပါတယ်။ အဲဒီရာသီမှာဆိုရင် နှီးဖျာ ကြမ်းရောင်းချသူတွေလဲ အလုပ်ဖြစ် တတ်ပါတယ်''ဟု ဆန်စပါးလုပ်ငန်းကို စိုက်လိုက်မတ်တတ် လုပ် ကိုင်လာသူ ရွှေဥပေါ်ဆန်းမွှေးဆန် ဆိုင်ပိုင်ရှင် ဦးဆမ်းသိုက်က ပြော ကြားခြင်းဖြစ်သည်။ ၄င်းက ဆက် လက်ပြီး-

''
စစ်တွေ ဆန်စက်ကြီးတွေကနေ ပေါင်းစပါး၊ ပေါင်းဆန်တွေကိုလဲ ကြိတ်ခွဲရောင်းချခဲ့ဖူးတဲ့ မှတ်တမ်း တွေရှိပါတယ်။ ရခိုင်တွေ အဆိုအရ ကတော့ ပြုတ်ဆန်တွေပေါ့။ စစ်တွေ မြို့ဟာ မြန်မာ့ဆန်စပါးသမိုင်းမှာ ပေါင်းဆန်ကို ပထမဆုံး ကြိတ်ခွဲ တင်ပို့ခဲ့တဲ့ မြို့အဖြစ်လဲ မှတ်တမ်းများက ဆိုပါတယ်။ ဒါပေမယ့် ၁၉၇၄ ခုနှစ်နောက်ပိုင်းမှာ ဆန်စပါး တွေကို အလုံးအရင်းနဲ့ စစ်တွေ ဆိပ်ကမ်းက တင်ပို့မှု မရှိတော့ပါဘူး။ ၁၉၉၂-၉၃ ခုလောက်မှာ နယ်စပ် ကုန်သွယ်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့မှုဟာလဲ ရပ်ဆိုင်းခဲ့ပါ တယ်။ စပါးကုန်သည်၊ ဆန်ကုန်သည်၊ စပါးပွဲစား၊ ဆန်ပွဲစားတို့ရဲ့ လုပ်ငန်းရပ်တွေဟာ ၁၉၆၅ ခုနှစ် လောက်ကစပြီး မှေးမှိန်ပျောက်ကွယ် သွားတာပါ''ဟု ဆက်လက်ပြော ပြခဲ့သည်။ သို့ရာတွင် ၂ဝဝဝ ပြည့်လွန်နှစ် ကာလတစ်ခုတွင် စစ်တွေ FOB ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအတိုင်း ဆန်နှင့်စပါးများကို တင်ပို့ရောင်းချ ခွင့်ရရှိခဲ့ကြသည်။ ဆက်လက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်နှင့်စပါးအပြင် ပေါင်းစပါး များကို ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိနေရာ စပါးတင်ပို့နိုင်ရန် အလားအလာများ ရှိနေဆဲဖြစ်သည်။

စစ်တွေမြို့နှင့် ရေလုပ်ငန်း
 
မြို့တော်စစ်တွေ၏ ပုံရိပ်များကို ကြည့်မည်ဆိုလျှင် ဖွံ့ထွားနေသည့် ရေလုပ်ငန်း ကုန်သွယ်မှု စီးပွားရေးကို လည်း ချန်လှပ်ထား၍ရနိုင်ကောင်း မည်မဟုတ်ပေ။ ဤသည်နှင့် ပတ်သက်ပြီး ကိုယ်တိုင် ပုစွန်မွေးမြူရေး လုပ်ငန်းကို ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့ပြီး ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးမောင်ကျော်ဧက သုံးသပ်ပြောကြားခဲ့သည်။

''
စစ်တွေမြို့ရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအပိုင်းကို ကြည့်မယ် ဆိုရင် ရေလုပ်ငန်းနဲ့ နှီးနွယ်ပတ်သက်တဲ့ စီးပွားရေးကိုလဲ ထည့်သွင်းကြ ရလိမ့်မယ်ဖြစ်တယ်ဗျ။ ၁၉၇၂ ခုနှစ် မတိုင်မီကာလအထိ စစ်တွေမြို့ရဲ့ စီးပွားရေးဟာ ဆန်စပါးလုပ်ငန်းဖြစ် တာကို တွေ့ကြရမှာဖြစ်တယ်။ ဆန်စပါးကုန်သည်တွေ၊ ဆန်စပါး ပွဲစားတွေကသာ အဓိက ကြီးပွားခဲ့ကြတာပါ။ စစ်တွေမှာမြင်ရတဲ့ တိုက်တာ အဆောက်အအုံတွေဆိုရင် စပါးပွဲစားတွေရဲ့ တိုက်တာတွေဖြစ်ပါတယ်။ အဲဒီအချိန်က တိုက်ဆောက်နိုင်သူ၊ မော်တော်ကားစီးနိုင်သူတွေဟာ စပါးပွဲစားတွေဖြစ်ခဲ့ပြီး စစ်တွေမြို့ရဲ့ လူကုံထံအသိုင်းအဝိုင်းမှာ စပါးပွဲစားတွေက ကြီးစိုးခဲ့ကြတာလဲ ဖြစ်ပါ တယ်''ဟု ဆိုသည်။ ထိုအချိန်က စစ်တွေမြို့ ဆတ်ရိုးကျချောင်း၏ ကမ်းနံဘေး တစ်ဘက်တစ်ချက် တွင် ဆန်စက်ကြီးများ အစီအရီ လည်ပတ်လျက်ရှိနေခဲ့သည်။ နံနက် ၆ နာရီဆိုလျှင် ဆန်စက်ကြီးများဆီ မှ အချက်ပေး ဥသြသံများကို ကြား ခဲ့ကြရသည်။ ညနေ ၆ နာရီ ဆိုလျှင် လည်း အလုပ်သိမ်းကြောင်း ဆန်စက် ကြီးများဆီမှ ဥသြသံများကို ကြားရ မြဲဖြစ်သည်။ ဆန်စက်ကြီးများ၏ ဥသြဆွဲသံသည် စစ်တွေမြို့၏ သင်္ကေတ တစ်ခုလည်း ဖြစ်သည်။ ထို့အတူ ဆန်စက်ကြီးများ၏ မီးခိုးခေါင်းတိုင်များမှ မီးခိုးလူလူများမှာ လည်း စစ်တွေမြို့၏ ထင်ရှားသော ပုံရိပ်တစ်ခုဖြစ်နေခဲ့သည်။

''
လက်ရှိ အချိန်မှာတော့ စစ်တွေကနေ ဆန်စပါး တင်ပို့ရောင်း ချမှုဟာ အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ ၁၉၇၄ ခုနှစ်နောက်ပိုင်းမှာ စစ်တွေ မြို့ရဲ့ အဓိက စီးပွားရေးဟာ ပုစွန် ကုန်သွယ်မှုဘက်သို့ ဦးလှည့်သွားခဲ့ တာကို တွေ့ရပါတယ်။ ဆန်စပါး ကုန်သည်ပွဲစားတွေရဲ့ ခေတ်လဲ ကုန် ဆုံးသွားခဲ့ပြီး ဆန်စပါး ပွဲစားတွေ ပျောက်ကွယ်သွားခဲ့ပါတယ်။ အခု စစ်တွေမှာ ရေလုပ်ငန်း စီးပွားရေးနဲ့ တိုးတက်အောင်မြင်သူတွေကို မြင် တွေ့ကြရမှာဖြစ်ပါတယ်။ တိုက်တာ အသစ်တွေ၊ ကားအသစ်တွေ၊ မော်တော်ဆိုင်ကယ် စီးနိုင်သူတွေဟာ ရေလုပ်ငန်း စီးပွားနဲ့ အောင်မြင်ကြသူ အများစုဖြစ်ကြပါတယ်''ဟုလည်း ဦးမောင်ကျော်ဧက ထောက်ပြခဲ့သည်။

''
ရေလုပ်ငန်းနဲ့ ကြီးပွားချမ်းသာတယ် ဆိုပေမယ့် ရေလုပ်ငန်း စီးပွားရေး လုပ်ကိုင်နေကြသူ အများစုဟာ မွေးမြူထုတ်လုပ်သူများဆီက ဝယ်ယူ၊ စုဆောင်းပြီး တစ်ဆင့် ရောင်းချသူတွေပဲ များကြပါတယ်။ ကိုယ်ကိုယ်တိုင် ကုန်ချောပြုပြင် ထုတ်လုပ်ပြီး နိုင်ငံခြားသို့ တိုက်ရိုက်ဆက်သွယ် ရောင်းချတဲ့လူကတော့ မရှိသလောက်ပါပဲ။ မရှိသလောက် ဆိုတာထက် လုံးဝမရှိတာပါ''ဟုလည်း သူ၏ အမြင်ကို ပြောသည်။

ရေလုပ်ငန်းစီးပွားဆိုရာ၌ အဓိကအားဖြင့် ပုစွန်ကုန်သွယ်ရေးကို ဆိုလို ခြင်းဖြစ်သည်။ ရေလုပ်ငန်းစီးပွားတွင် ကဏန်းကုန်သွယ်မှုလုပ်ငန်း၊ ရေခူလုပ်ငန်းများ ရှိကြသည်။ ထို့အတူ ရေငန်ငါးတင်ပို့မှုကလည်းရှိသည်။ ပုစွန်ကုန်သွယ်မှုတွင် စစ်တွေမြို့ အနီး ပတ်ဝန်းကျင်ဒေသများရှိ ပုစွန်မွေး ကန်များမှ ပုစွန်များသည် စစ်တွေ မြို့သို့ စီးဝင်လာကြတာများသည်။ စစ်တွေရှိ ပုစွန်ကုန်သွယ်သူများက စုဆောင်းဝယ်ယူသန့်စင်ပြီး ရိုးမအရှေ့ စက်ရုံများသို့ တင်ပို့ရောင်းချ ကြခြင်းဖြင့် လုပ်ငန်းလည်ပတ်နေခဲ့ သည်။ ၂ဝဝ၆ ခုနှစ် နောက်ပိုင်း ကာလတွင် ပုစွန်ကုန်သွယ်မှု ဈေးကွက်ပြောင်းရွှေ့သွားခဲ့သည်။ ရိုးမ အရှေ့သို့ တင်ပို့နေရာမှ မောင်တော နယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ရောင်းချလာခဲ့ကြသည် ကို တွေ့ရသည်။

''
စစ်တွေ ရေထွက်ပစ္စည်း ရောင်းချမှုရဲ့ အနေအထားကတော့ လမ်းကြောင်းနှစ်ခုရှိတယ်ဗျ။ တစ်လမ်းကတော့ ရိုးမအရှေ့ စက်ရုံတွေကို တင်ပို့ရောင်းချတဲ့ လမ်းကြောင်း ဖြစ်သလို တစ်လမ်းကတော့ နယ်စပ်ကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့တဲ့လမ်းကြောင်း ဖြစ်တယ်။ ရေထွက်ပစ္စည်းဆိုရာမှာ ရေငန်၊ ရေချို ပုစွန်တွေ၊ ရေခူတွေ၊ ရေငန်ငါးတွေ ကဏန်းတွေနဲ့ ငါးစုံကလေးခြောက်တွေ ဖြစ်ပါတယ်။ ရေငန် ပုစွန်တွေကို ရိုးမအရှေ့သို့ တင်ပို့ရာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရတဲ့ အကြောင်းရင်းကလဲ ရှိတယ်။ ဘာလဲ ဆိုတော့ ရိုးမအရှေ့စက်ရုံတွေက ငွေရတာ ကြာတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်ကတော့ ငွေရတာ မြန်တယ်။ ကုန်သွယ်မှုကို သွက်သွက်လက်လက် လုပ်နိုင်တာပေါ့။ အခုဆိုရင် ၂ဝဝ၉ ခုနှစ်ကစပြီး စစ်တွေနယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရေချို၊ ရေငန် ပုစွန်တွေ တိုက်ရိုက်တင်ပို့ခွင့် ရလာတယ်။ ပိုပြီးအားကောင်းလာတာ ပေါ့''ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစံကျော်လှကဆို သည်။
မည်သို့ဆိုစေ ၂ဝဝ၆ ခုနှစ်မှစ၍ ဈေးကွက်အလှည့်အပြောင်း ဖြစ်လာခဲ့သော ပုစွန်ကုန်သွယ်ရောင်းဝယ်မှု လုပ်ငန်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောင်းချမှုအားကောင်း လာနေသည်ကို တွေ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နယ်စပ်မှ တင်သွင်းလာသည့် ပုစွန်များကို ဝယ်ယူနေပြီး မိမိတို့နိုင်ငံ အအေးခန်း စက်ရုံများတွင် ကုန်ချော ပြုပြင်ကာ တတိယ နိုင်ငံများသို့ ရောင်းချနေကြောင်းလည်း ဆိုသည်။ ရခိုင်ကုန်သည်များ သတိထားကြရန် ဖြစ်သည်။

ကျောထောက်နောက်ခံမြို့များနှင့် ကုန်သွယ်မှု
 
ဒေသတစ်ခု၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုရှိရန်မှာ လမ်းပန်းဆက် သွယ်ရေး လွယ်ကူကောင်းမွန်မှုနှင့် စီးပွားရေးအရ အားကောင်းသည့် ကျောထောက်နောက်ခံ ဒေသကောင်း များရှိရန်အရေးကြီးသည်။ အထူး သဖြင့် စီးပွားရေးထုတ်ကုန် မရှိဘဲ စီးပွားရေးကုန်သွယ်မှုကို အခြေပြု သည့်ဒေသများအတွက် ဤအချက်မှာ အရေးကြီးလှသည်။ စစ်တွေမြို့မှာ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး ကမ်းရိုး တန်းသွားသင်္ဘောများ ဝင်ရောက်ဆိုက်ကပ်ရာ ဆိပ်ကမ်းတစ်ခုဖြစ် သည့်အပြင် နယ်စပ်ကုန်သွယ်ရေးလည်း ရှိနေရာ ဤအချက်များက စစ်တွေမြို့ စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနေကြောင်း တွေ့ရသည်။ ထို့အတူ စစ်တွေမြို့ကို ကျောထောက်နောက်ခံ ပြုထားသည့် မြို့နယ်များမှာလည်း စီးပွားရေးအရ တောင့်တင်းခိုင်မာသည့် မြို့များဖြစ် ကြသည်။ အထူးသဖြင့် အဆိုပါမြို့ များသည် မိမိတို့ မြို့နယ်၏ စီးပွားရေးကို ဒေသတွင်း ထုတ်ကုန်များ ဖြင့် တိုးတက် အောင်မြင်အောင် ဆောင်ရွက်နေကြသည့် မြို့များလည်း ဖြစ်ကြသည်။

''
ကျွန်တော်တို့က အစဉ် အဆက်အားဖြင့် ရန်ကုန်မြို့က ကုန်ပစ္စည်းတွေ မှာယူပြီး နယ်မြို့တွေ၊ ကျေးလက်တွေကို တစ်ဆင့်ဖြန့်ဖြူး ရောင်းချကြတာဖြစ်ပါတယ်။ ကျွန် တော်တို့ဆီကပစ္စည်းတွေကို ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံစတဲ့ နယ်မြို့တွေရော မြို့နယ်အတွင်းက ကျေးရွာကြီးများကိုပါ တင်ပို့ကြရပါတယ်။ တင်ပို့ရတယ် ဆိုတာထက် အဲဒီကုန်သည်ကြီးများက ကိုယ်တိုင် လာပြီး ဝယ်ယူကြတာများပါတယ်'' ဟု စစ်တွေမြို့၊ မြို့မ စည်ပင်သာ ယာရေးဈေးကြီးအတွင်းမှ ကုန်သည် တစ်ဦးဖြစ်သူ ဦးသာထွန်းအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
''
အထူးသဖြင့်ကတော့ အလှ ကုန်ပစ္စည်းတွေ၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းတွေ ဖြစ်ကြပါ တယ်။ လူသုံးကုန်ဆိုရာမှာ ထီး၊ ဖိနပ် စတာတွေလဲ ပါတာပေါ့'' ဟု ဆို သည်။

''
နယ်က ကုန်သည်တွေနဲ့ ဆက်သွယ်ရောင်းဝယ်တဲ့အခါ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု၊ ယုံကြည်မှုတွေနဲ့ ဆက်ဆံလုပ်ကိုင်ကြတာ များပါတယ်။ ခေါက်ပြန်ပေးစနစ်နဲ့ ဆက်သွယ် ရောင်းဝယ်ကြတာပါ'' ဟုလည်း ပြောသည်။

''
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာနဲ့အမျှ စစ်တွေ ကုန်သွယ်ရေး ဈေးကွက်မှာလဲ အရွေ့ ကလေးတွေ ရှိနေပါတယ်။ ကျောက်တော်လို၊ မင်းပြားလိုမြို့ကြီးတွေက ကုန်သည်ကြီးတွေဟာ ရိုးမအရှေ့က ကုန်သည်တွေနဲ့ တိုက်ရိုက်ဆက် သွယ် ဝယ်ယူရောင်းချတာတို့ ရှိလာ ကြပါပြီ။ အဲဒီမြို့တွေကို ရိုးမအရှေ့က ကုန်ကားတွေ တိုက်ရိုက်ရောက် ရှိတာလဲ ပါပါတယ်''ဟု ကုန်သည် ဦးသာထွန်းအောင်က ဆိုသည်။

မင်းပြားမြို့မဈေးအတွင်းမှ ကုန်ရောင်းကုန်ဝယ်ပြုလုပ်သူ ဒေါ်ဦးမြစိန်ကလည်း ''ကျွန်မတို့ကတော့ ရန်ကုန်ကို တစ်ခေါက်သွားပြီး အဆက်အသွယ် လုပ်ထားခဲ့တယ်။ ပြီးတော့ လိုအပ်ရင် လိုအပ်သလို ဖုန်းဆက်ပြီး ကုန်တွေကို မှာလိုက်တာပဲ။ ဈေးနှုန်း ကိုလဲမေး။ မှာချင်တာလဲပြော။ ရန်ကုန်ဈေးဆိုင်တွေက ကုန်ကားဆီ တိုက်ရိုက်တင်ပြီး ပို့ကြတာပါပဲ။ ဒါပေမယ့် တစ်နှစ်တစ်ကြိမ်တော့ ရန် ကုန်ကို သွားဖြစ်တယ်။ ပစ္စည်း အသစ်အဆန်းလေးတွေ ကြည့်ဖို့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ရယူနိုင်ဖို့ပေါ့'' ဟုဆိုသည်။

ကားလမ်းကြောင်းတွေဖြင့် ဥဒဟို သွားလာနိုင်ကြပြီး ဖြစ်သည်ဟု ဆိုသော်လည်း ကမ်းရိုးတန်းသွား သင်္ဘောများဖြင့် ကုန်စည်ရွှေ့ပြောင်း သယ်ယူမှုမှာမူ ပြောင်းလဲခြင်းမရှိ သေးကြောင်းဆိုသည်။ ရိုးမအရှေ့ရှိ ရန်ကုန်ကို အခြေပြု တင်ပို့ရသည့် ပစ္စည်းအများစုတို့မှာ ကမ်းရိုးတန်းသွား သင်္ဘောများဖြင့် စစ်တွေသို့ အဓိက ဝင်ရောက်နေခြင်းဖြစ်သည်။ စစ်တွေမြို့မှာ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ရာ ဤဆိပ်ကမ်းကို အမှီပြု၍ စီးပွားကုန်သွယ်မှုတို့ လုပ်ကိုင်ဆောင် ရွက်နေကြဆဲဖြစ်သည်။

မြန်မာ - အိန္ဒိယ မြစ်ကြောင်း ဆက်သွယ်ရေး
 
မြန်မာ-အိန္ဒိယနှစ်နိုင်ငံတို့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်မည့် ဘက်စုံသုံးမြစ်ကြောင်း သယ်ယူပို့ဆောင်ရေး စီမံကိန်း (ကုလားတန် မြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း)၏ ပထမပိုင်းဖြစ်သည့် စစ်တွေ ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းကို ၂ဝ၁ဝ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ဆောင်ရွက်နေပြီဖြစ် သည်။ ဤလမ်းကြောင်းမှာ အိန္ဒိယ နိုင်ငံ အရှေ့မျှော် မူဝါဒအရ တည်ဆောက်ခြင်းဖြစ်သည်။ စစ်တွေမှ ပလက်ဝအထိ ၁၅၈ ကီလိုမီတာ အရှည်ရှိ လမ်း၊ ကုလားတန် မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း(ရေကြောင်းသောင် များတူးဖော်ခြင်း)လုပ်ငန်း၊ ပလက်ဝ မှ မြန်မာ-အိန္ဒိယ နယ်စပ်မြိတ်ဝထိ အရှည် ၁၂၉ ကီလိုမီတာရှိ ကုန်း လမ်းကြောင်းတွင် ဟိုက်ဝေးလမ်းမ ကြီး ဖောက်လုပ်ခြင်း၊ မြိတ်ဝမှ အိန္ဒိယနိုင်ငံ အိုက်ဇောထိ အရှည် ၃၉၆ ကီလိုမီတာ အရှည်ရှီ အိန္ဒိယ နိုင်ငံ အမှတ် ၅၄ လမ်းမကြီးနှင့် ဆက်သွယ်သွားမည်ဖြစ်သည်။ စစ်တွေ ဆိပ်ကမ်းကို အသုံးပြု၍ အိန္ဒိယနိုင်ငံမှ ပစ္စည်းများ ၊ ဥရောပ နိုင်ငံများမှ ပစ္စည်းများ၊ အာဆီယံ နိုင်ငံများမှ ပစ္စည်းများကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ တင်ပို့သွားမည် ဖြစ်သည်။ ထို့အတူ အိန္ဒိယနိုင်ငံသည် စစ်တွေ ဆိပ်ကမ်းကို အကြောင်းပြု၍ စစ်တွေ ပတ်ဝန်းကျင်တွင် စက်မှုလက်မှု လုပ်ငန်းများ ထူထောင်လာ နိုင်ဖွယ်ရှိနေသည်။ စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင်တွင် အထူးစက်မှု ဇုန်၊ အထူး စီးပွားရေးဇုန်တို့ တည် ဆောက်လာကြမည်ဖြစ်သည်။

''
အခုဆိုရင် စစ်တွေမြို့သို့ နယ် စပ်ကုန်သွယ်ရေးနဲ့ တင်ပို့ကြမယ့် ပစ္စည်းတွေ၊ ဒေတွင်း ပြန်လည် ဖြန့် ဖြူးပေးမယ့် ပစ္စည်းတွေဟာ ကုန်း လမ်းနဲ့ရော ရေကြောင်းလမ်းနဲ့ပါ ဝင်ရောက်လျက်ရှိနေပါတယ်။ ရိုးမ အရှေ့အလယ်ပိုင်းနဲ့ တောင်ပိုင်း ရှမ်း ပြည်နယ်ကထွက်တဲ့ ကုန်ပစ္စည်းတွေဟာ မန္တလေး ၊ အမ်း ၊ စစ်တွေ လမ်းကြောင်းနဲ့ စစ်တွေသို့ ဝင်လာနေသလို ရန်ကုန်က ပစ္စည်းတွေလဲ ဒီလမ်းကြောင်းနဲ့ စစ်တွေကို ဝင်လာ နေပါတယ်။ စစ်တွေဟာ ဆုံရပ်တစ် ခုဖြစ်ပါတယ်။ အခုဆိုရင် အိန္ဒိယနဲ့ ဆက်သွယ်မယ့် ကုလားတန်မြစ် ကြောင်း ဖွံ့ဖြိုးရေးစီမံကိန်းကို စတင် တည်ဆောက်နေပါပြီ။ ဒီစီမံကိန်းဟာ လာမယ့် ၂ဝ၁၃ ခုနှစ်၊ ဇွန်လလောက် မှာ ပြီးစီးမယ်လို့ သိရပါတယ်။ ဒီအခါ စစ်တွေမြို့ဟာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုဇုန်တစ်ခုအဖြစ် ပိုပြီး စည်ကားလာမှာ မလွဲမသွေဖြစ် ပါတယ်''ဟုလည်း လေ့လာသူများ ကဆိုကြသည်။ နယ်စပ်ကုန်သွယ်ရေး ပစ္စည်းများကို စစ်တွေမှ တင်ပို့သည်ဖြစ်စေ၊ မောင်တောမှတင်ပို့ သည် ဖြစ်စေ၊ စစ်တွေမြို့ကိုဖြတ်၍ တင်ပို့နေရခြင်းဖြစ်သည့်အတွက် စစ်တွေမြို့သည် နယ်စပ်ကုန်သွယ်မှုတွင် အရေးပါလျက်ရှိနေဦးမည်ဖြစ်သည်။

ရှုမြင်သုံးသပ်
 
စီးပွားကုန်သွယ်မှု လုပ်ငန်း များဆိုသည်မှာ အတိုး၊ အဆုတ်၊ အတက်၊ အကျများ ရှိနေမြဲဖြစ်သည်။ တစ်သမတ်တည်း တည်ငြိမ်နေခြင်း ကားမရှိ။ စစ်တွေမြို့ကို အခြေပြု ဆောင်ရွက်ခဲ့သည့် ကုန်သွယ်ရေး လုပ်ငန်းများမှာ နယ်စပ်ကုန်သွယ်ရေး စတင်ဖွင့်လှစ်ခဲ့ပြီးသည့် ၁၉၉၇ ခုနှစ် မှ ၂ဝဝ၂ ခုနှစ်အထိ သွက်လက်မှု ရှိခဲ့ကြောင်း တွေ့ခဲ့ရသည်။ ထို့အတူ ဆန်၊ စပါး၊ ကြက်သွန်နီ၊ ချင်းတက်များ တင်ပို့မှုမှာလည်း အချိန်ကာလ တစ်ခုအထိ တိုးတက်အောင်မြင်ခဲ့ သည်။ ဆားတင်ပို့မှုနှင့် ရေလုပ်ငန်း စီးပွားမှာလည်း ထိုအချိန်က စစ်တွေ မြို့ကို အခြေပြု၍ လှုပ်ရှားတိုးတက် ခဲ့ကြောင်း တွေ့မြင်ကြရသည်။ စစ် တွေမြို့ပေါ်တွင် တိုက်တာ၊ အိုးအိမ်၊ အဆောက်အအုံများ၊ အသစ်အသစ်တို့ တိုးပွားဆောက်လုပ်နိုင်ခဲ့သည့် အချိန်မှာလည်း ထိုအချိန်ကာလများ ဖြစ်ခဲ့သည်။ ရေလုပ်ငန်း စီးပွားရေးနှင့် နယ်စပ်ကုန်သွယ်ရေး စီးပွားရေး၏ အသီးအပွင့်များ ဖြစ်ကြသည်။ စစ်တွေမြို့တွင် အာရှဓနဘဏ်၊ အင်းဝဘဏ်၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်များကို စတင်ဖွင့်လှစ်နိုင်ခဲ့ကြပြီး ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ကာ စစ်တွေ စီးပွားရေး ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်ခဲ့သည်ကို လည်း တွေ့ခဲ့ရသည်။ ထိုအချိန်ကာ လတစ်ဝိုက်က စစ်တွေမြို့ပေါ်တွင် အိမ်ရာ၊ ခြံမြေများ ဈေးကောင်းရခဲ့ ကြသည်။

''
စစ်တွေမြို့ရဲ့ နယ်စပ်ကုန် သွယ်ရေးရော အထွေထွေ ကုန်သွယ် မှုလုပ်ငန်းတွေပါ ၂ဝဝ၆-၂ဝဝ၇ ခုနှစ် လောက်မှာဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာ့ငွေကြေး အကျပ်အတည်းနဲ့အတူ ထိုင်းမှိုင်းခဲ့တာကို တွေ့ခဲ့ရပါတယ်။ အခု လောလောဆယ်မှာလဲ မြန်မာ ငွေ ကြေးခိုင်မာလာပြီး ပို့ကုန်တွေ တင်ပို့ရာမှာ ကုန်သည်တွေအတွက် ဝင်ငွေတွေ ကျဆင်းခဲ့တာမျိုးတွေ ရှိနေခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေဆို ပိုပြီးသိသာပါတယ်။ ဒါပေမယ့် ရေလုပ်ငန်း ပစ္စည်းတွေ တင်ပို့မှု အပါအဝင် အခြားနယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများကိုလဲ လုပ်ကိုင်ဆောင်ရွက်နေကြဆဲပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စစ်တွေ နယ်စပ် ကုန်သွယ်ရေးနဲ့ ပစ္စည်းတွေ တင်ပို့မှုဟာ ဟိုတုန်းကလောက် မရှိတော့ပေမယ့် တင်ပို့နေကြဆဲပါ။ နည်းတော့နည်းတာပေါ့''ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်း ရေးမှူး ဦးတင်ရွှေက ဆိုသည်။

''
ဒီအချိန်ဟာ ကုန်သွယ်ရေး အကျဘက်ကို ရောက်နေတာ မှန်ပါ တယ်။

ဒါကို တောင့်ခံထားနိုင်ကြဖို့တော့ လိုကြမှာပါ။ အကျိုးအမြတ်တွေ ပါးပါးလေးပဲ ကျန်တယ်ထားဦး လုပ်ငန်းမရပ်ဖို့၊ ဈေးကွက်မပျောက်သွားဖို့ ကြိုးစားကြဖို့လဲလိုကြမှာပါဟုလည်း ဦးတင်ရွှေအပါအဝင် နယ်စပ်ကုန် သွယ်ရေးလုပ်ကိုင်သူများက ဆိုကြ သည်။

''
၂ဝ၁၃ ခုနှစ်ဆိုရင် မြန်မာ - အိန္ဒိယ ဆက်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ်တဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း ပြီးစီးတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသရဲ့ ကုန်သွယ်မှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့သာမက အိန္ဒိယ နိုင်ငံနဲ့ပါ ဆက်သွယ်ဆောင်ရွက် သွားနိုင်မယ့် အလားအလာတွေ ဖြစ်ပါတယ်။ ဒါတွေကို တွေးဆပြီး ဒေသ စီးပွားရေး လုပ်ငန်းရှင်တွေ ကြိုတင် ပြင်ဆင်နိုင်ကြဖို့ လိုအပ်ကြမှာပါ''ဟု ရခိုင်ပြည်နယ် ကုန်သည်စက်မှု အသင်း အတွင်းရေးမှူးဟောင်း ဦးစိန်မောင်က သုံးသပ်ပြောကြားခဲ့ သည်။

၂ဝ၁၃ ခုလွန်နှစ်များတွင် စစ်တွေ ပင်လယ်ဆိပ်ကမ်းမှ တစ်ဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ကုန်ပစ္စည်းများတင်ပို့နိုင်ကြမည့် နည်း တူ အိန္ဒိယနိုင်ငံထုတ် ကုန်ပစ္စည်း များကိုလည်း စစ်တွေဆိပ်ကမ်းမှ တစ်ဆင့် တင်ပို့လာနိုင်ကြတော့မည် ဖြစ်သည်။ စစ်တွေမှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလည်း တိုးတက်လာနိုင်မည်ဖြစ်သည်။

''
အိန္ဒိယနိုင်ငံက စက်မှုလက်မှု လုပ်ငန်းတွေအပါအဝင် အခြားစက်မှုလက်မှု လုပ်ငန်းများပါဝင်တဲ့ စက်မှုဇုန်တစ်ခုဟာ စစ်တွေအနီး ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထို့အတူ အထူးစီးပွားရေးဇုန်ကို ထူထောင်ဖြစ်ထွန်းလာနိုင် ဖွယ်လဲရှိနေပါတယ်။ အထူးစက်မှုဇုန် ထူထောင်တယ်ဆိုတာ မိမိရဲ့ ထုတ်ကုန်တွေကို ပြည်ပ တင်ပို့ဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တာကြောင့် စက်မှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကို လုံလုံလောက်လောက် ထုတ်လုပ်နိုင် ကြဖိုလိုကြမှာပါ။ အထူးသဖြင့်ကတော့ လယ်ယာထုတ်ကုန်ပစ္စည်းတွေ၊ ရေလုပ်ငန်း ရေထွက်ပစ္စည်းတွေ တိုးတက်ထုတ်လုပ်ပြီး ပြည်ပ တင်ပို့နိုင်အောင် ကြိုးစားဆောင် ရွက်သွားကြဖို့ လိုမယ်ဖြစ်ပါတယ်''ဟု လေ့လာသုံးသ့ပ်သူ တစ်ဦးက ပြောသည်။ လယ်ယာထုတ်ကုန်လုပ် ငန်းများတွင် ရခိုင်ဒေသရှိ ပုဂ္ဂလိ ကလုပ်ငန်းရှင်များ၊ ကုမ္ပဏီအဖွဲ့ အစည်းများအနေဖြင့် အလုံးအရင်း၊ ငွေပင်ငွေရင်း စိုက်ထုတ်ကြပြီး လုပ်ကိုင်ကြခြင်း မရှိကြသေး။ အကယ်၍ စက်ရုံအလုပ်ရုံများအတွက် လိုအပ်သည့်ကုန်ကြမ်း ရရှိနိုင်အောင်ဆိုလျှင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းမှသည် အများအပြား စိုက်ပျိုးထုတ် လုပ်နိုင်ကြရန်လည်း လိုကြမည်ဖြစ် သည်။

''
ရေထွက်ပစ္စည်းတင်ပို့တာ ဆိုရင် ကျွန်တော်တို့က ကုန်ကြမ်း ပစ္စည်းတင်ပို့ရုံအဆင့်ပဲ ရှိပါသေးတယ်။ စစ်တွေ ဆိပ်ကမ်းကြီးပြီး စီးသွားပြီး ပင်လယ်ကူး သင်္ဘောတွေဝင်၊ ထွက်လာနိုင်ပြီဆိုရင် ရေထွက်ပစ္စည်းတွေကို နိုင်ငံခြားသို့ တိုက်ရိုက် တင်ပို့လာနိုင်ကြမှာဖြစ်ပါတယ်။ ဒီလို တင်ပို့နိုင်ရင် လတ်ဆတ်တဲ့၊ အရည် အသွေးကောင်းတဲ့ ပစ္စည်းတွေကို တင်ပို့နိုင်မှာဖြစ်သလို ဈေးကောင်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အအေး ခန်းစက်ရုံတွေရော၊ ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းတွေရော အရှိန်မြင့် လုပ်ကိုင်နိုင်ကြဖို့လဲလိုကြမှာ ဖြစ်ပါတယ်။ အခုကတည်းကစပြီး ဒေသအတွင်းက ကုန်သည်ကြီးတွေ၊ ကုမ္ပဏီတွေ ကြိုတင်ပြင်ဆင် ဆောင် ရွက်ထားကြဖို့ လိုနေကြပါပြီ'' ဟု လည်း ရေလုပ်ငန်းနှင့်နှီးနွယ် ပတ်သက်သူ တစ်ဦးက ဆိုသည်။

မြန်မာ -အိန္ဒိယ နှစ်နိုင်ငံ ဘက်စုံသုံး ရေကြောင်းလမ်းဆက်သွယ် ဖောက်လုပ်နိုင်ခြင်းဖြင့် စစ်တွေမြို့သည် ပင်လယ်ဆိပ်ကမ်းကောင်းတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။ စစ်တွေ ဆိပ်ကမ်းမှတစ်ဆင့် တောင်အာရှ နိုင်ငံများ၊ အရှေ့တောင် အာရှ နိုင်ငံများ၊ ဥရောပနိုင်ငံများသို့ ရေ ကြောင်းဖြင့် ဆက်သွယ်သွားလာ နိုင် ကြတော့မည်ဖြစ်သည်။ နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများတွင် စစ်တွေ ဆိပ်ကမ်းသည် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကိုသာမက မိမိနိုင်ငံ ထွက် ပစ္စည်းများကို ရေကြောင်းဖြင့် တင်ပို့လာနိုင်မည့် အခွင့်အလမ်းများ ရှိလာနိုင်တော့မည်ဖြစ်သည်။ စစ်တွေ ဆိပ်ကမ်း၏ အနာဂတ်ပုံရိပ်သည် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေ သည်။ ဒေသခံများအနေဖြင့် ဒေသ မှ ထွက်ကုန်များကို တင်ပို့ရောင်းချ နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်နေပြီ။

''
ကျွန်တော်တို့ ရခိုင်ဒေသက ကုန်သည်တွေဟာ မိမိဒေသရဲ့ ထွက်ကုန်တွေကို နိုင်ငံခြားတိုင်းနိုင်ငံတွေကို တိုက်ရိုက်တင်ပို့ ရောင်းချနိုင်တာ မရှိသေးကြဘူး။ နယ်စပ်ကုန်သွယ်ရေးက ရောင်းချရတယ်ဆိုတာလဲ အနည်းအကျဉ်းလောက်ပါ။ ရေထွက် ပစ္စည်းတွေ၊ သစ်တောထွက်ပစ္စည်းတွေ၊ လယ်ယာထွက်ကုန်ပစ္စည်းတွေ ရာသီသီးနှံတွေ တင်ပို့ရောင်းချကြ တယ်ဆိုတာတောင် တစ်ဆင့်ခံ ရောင်းချနေကြရတာဖြစ်ပါတယ် စစ်တွေပင်လယ်ဆိပ်ကမ်း ပြီးစီးသွားရင် တိုက်ရိုက်တင်ပို့ နိုင်ရေးအတွက် ကျွန်တော်တို့အားလုံး ကြိုးစားကြဖို့ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်နေကြပါပြီ။ နောက်ကျရင် ပြည်ပကုမ္ပဏီကြီးများရဲ့ လက်ဝေခံအဆင့်မှာ ကျန်ရစ်ခဲ့ကြမှာပါ''ဟုလည်း ကုန်သည်ကြီး တစ်ဦးက ပြောခဲ့သည်။

စီးပွားရေး လောကဓံ လှိုင်းဂယက်တွင် စစ်တွေမြို့သည် လင်းတစ်ခါ မှိန်တစ်လှည်နှင့် အလှည့်အပြောင်းတွေ ရှိခဲ့ဖူးသည်။ သို့ရာတွင် ထိုထိုသော ပုံရိပ်များနှင့်အတူ စစ်တွေမြို့၏ အနာဂတ်ပုံရိပ်သည် တောက်ပလင်းလက်လျက် ရှိနေကြောင်းကိုတော့ မြင်တွေ့နေကြရပြီ။

ကောင်းမြတ်သူသည် ရှုခင်း သာလမ်းတစ်လျှောက် လမ်းလျှောက်ကာ ပြန်လာခဲ့သည်။ နံနက် ၈ နာရီ ခွဲပြီမို့ ဆောင်းနှင်းငွေ့တို့ ပြယ်ပျောက် ကုန်ပြီ။ အရှေ့ဘက် နေဝန်းနီသည်ပင် လင်းလက်တောက်ပ လာနေသည်။ နေခြည်နုနု၏ အနွေးဓာတ်က ကောင်းမြတ်သူအား နွေးထွေးစွာ ပွေ့ဖက်လာသည်။ နေလာလျှင် နှင်းပျောက်ရသည်တဲ့။ စစ်တွေမြို့ ပုံရိပ်သည် တိုးတက်ပြောင်းလဲမှုများနှင့်အတူ တောက်ပလင်းလက်လျက် ရှိနေချေပြီ။

တွေ့ဆုံမေးမြန်းဖြေကြား ဆွေး နွေးခဲ့သူများ အားလုံးကို ကျေးဇူး တင်ပါသည်။


ဈေးကွက်ဂျာနယ်မှာ ဖော်ပြထားတဲ့ ကျွန်းသားငမန်းရဲ့ စစ်တွေမြို့တော်၏ ဖွံ့ဖြိုးမှု ပုံရိပ်သစ်များ ဆောင်းပါးကို မေဃ၀တီ ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်