နည်းပညာ

Google TV ၀န်ဆောင်မှုပါဝင်သည့် Sony ထုတ် LCD TV များလာပြီ 
 
အတွဲ(၁၁) အမှတ်(၄၀)
Friday, 22 October 2010



Google TV ၀န်ဆောင်မှုများပါဝင်သည့် Sony Bravia NSX-GT1 အမျိုးအစား LCD TV များနှင့် NSZ-GT1 Blu-ray player တို့ကို Sony ကုမ္ပဏီမှ မကြာမီရက်ပိုင်းအတွင်းက မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ 


Google TV အသုံးပြုနိုင်သည့် LCD TV များကို ၂၄ လက်မ၊ ၃၂ လက်မ၊ ၄၀ လက်မနှင့် ၄၆ လက်မတို့ဖြင့်ရရှိနိုင်ပြီး တန်ဖိုးအနေဖြင့် ၂၄ လက်မအတွက် ကန်ဒေါ်လာ ၅၉၉၊ ၃၂ လက်မအတွက် ကန်ဒေါ်လာ ၇၉၉၊ ၄၀ လက်မအတွက် ကန်ဒေါ်လာ ၉၉၉ နှင့် ၄၆ လက်မအတွက် ကန်ဒေါ်လာ ၁,၃၉၉ အသီးသီး သတ်မှတ်ထားသည်။ Blu-ray player ကိုမူ ကန်ဒေါ်လာ ၃၉၉ သတ်မှတ်ထားပြီး ယင်းထုတ်ကုန်များကို အောက်တိုဘာလ ၁၆ ရက်တွင် တင်ပို့ရောင်းချမည်ဖြစ်ပြီး ကြိုတင်မှာယူမှုများကို Sony style.com နှင့် Best Buy.com တို့တွင်ပြုလုပ်နိုင်ကြောင်း သိရသည်။ Sony TV များနှင့် Blu-ray player တို့တွင် ကီးဘုတ်ပါဝင်ဖြင့် အသုံးပြုနိုင်သည့် အထူးပြုလုပ်ထားသော အဝေးထိန်းခလုတ် (remote control) ပါဝင်ပြီး အင်တာနက်အသုံးပြုနိုင်ရန်အတွက် Chrome browser ကိုလည်း built-in အဖြစ် ထည့်သွင်းပေးထားကြောင်းသိရသည်။ Sony TV ၏လုပ်ဆောင်ချက်သည် Google TV ဆော့ဖ်ဝဲပထမ ဦးဆုံးထည့်သွင်းခဲ့သည့် Logitech Revue ၏လုပ်ဆောင်ချက်နှင့်တူညီပြီး ကေဘယ်လ် ဒါမှမဟုတ် satellite box ကို HDMI မှတစ်ဆင့်ချိတ်ဆက်ကာအသုံးပြုနိုင်ပြီး Sony Dual View ဖြင့် Google TV ကိုအသုံး ပြုနိုင်ကြောင်းသိရသည်။ ယခုကဲ့သို့ Google TV ဆော့ဖ်ဝဲကို LCD TV အတွင်းထည့်သွင်း ခဲ့ခြင်းကြောင့် သီးသန့် set-top-box ၀ယ်ယူရန်မလိုအပ်သော်လည်း home network ပေါ်မှတဆင့် အွန်လိုင်းသီချင်းနှင့် ဗီဒီယိုဖိုင်များကို အသုံးပြုနိုင်မည်မဟုတ်ကြောင်း သိရသည်။

Internet Journal သတင်း