Monday, February 21, 2011

ဂီရိမုန်တိုင်းသင့် ရခိုင်ပြည်နယ်ဒေသအချို့ သောက်သုံးရေအကူအညီများ လိုအပ်နေဆဲ

0 Comment
အေးစပယ်ဖြူ

ဂီရိမုန်တိုင်းသင့် ရခိုင်ပြည်နယ်ဒေသ အချို့တွင် မိုးလွန်မိုးများရရှိခဲ့သော်လည်း သောက်သုံးရေအကူအညီများ ဆက်လက်လိုအပ် နေဆဲဖြစ်ကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများက ပြောသည်။

မုတ်သုံဆုတ်ခွာပြီးနောက်ပိုင်း ရွာသွန်းသောမိုးများကြောင့် ကန်အချို့တွင် ရေရရှိခဲ့သော်လည်း ကန်များတွင် ဆားငန်ဓာတ်များ ရှိနေဆဲဖြစ်သဖြင့် သောက်သုံးရန်မဖြစ်နိုင်သေးကြောင်း ရခိုင်သဟာရအသင်း (ရန်ကုန်)၏ အထွေထွေအတွင်းရေးမှူး ဦးသာမြ ကျော်က ပြောသည်။

"အထူးသဖြင့် မြေပုံမြို့နယ်က ကန်တွေ အများစုမှာ ဆားငန်ဓာတ်တွေ ရှိနေဆဲ ဖြစ်လို့ ကန်ထဲမှာစုဆောင်းမိတဲ့ရေတွေကို သောက် သုံးရေအနေနဲ့ အသုံးမပြုနိုင်သေးပါဘူး။ ရွာသားတွေက သောက်သုံး ရေကို တောင်ကျချောင်းကရေတွေကို စုဆောင်းထားတဲ့ ကန်တွေကနေ သွားခပ်ကြတယ်။ အဲဒီနေရာတွေက ရွာကနေ လှေနဲ့ ခပ်လှမ်းလှမ်းသွားရတယ်"ဟု ၎င်းက ပြောသည်။

မြေပုံမြို့နယ်ရှိ ရေနီကြီး၊ ၀ဘော်ကြီး၊ သင်းပေါင်းချောင်း၊ စိတ္တရ စသည့် ကျေးရွာများတွင် သန့်ရှင်းသော သောက်သုံးရေအရင်း အမြစ်များ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ၎င်းက ပြောသည်။

"ဂီရိမုန်တိုင်း ကယ်ဆယ်ရေးကော်မတီ ရခိုင်မိသားစုများ(ရန်ကုန်)အနေနဲ့ နွေရာသီမှာ သောက်သုံးရေပြတ်လပ်မှု မရှိစေဖို့အတွက် အဓိကလိုအပ်တဲ့နေရာတွေမှာ အ၀ီစိတွင်းတွေ တူးဖော်ပေးသွား ဖို့ စီစဉ်နေပါတယ်"ဟု ဦးသာမြကျော် က ပြောသည်။ 

ကောက်ယူပြီးထားသော စစ်တမ်းများအရ အချို့သောကျေးရွာများတွင် အကူအညီပေးရေးအဖွဲ့အစည်းများ၏ သန့်ရှင်းသော သောက်သုံးရေဆိုင်ရာ အထောက်အပံ့များသည် ဇွန်လခန့်တိုင်အောင် လိုအပ်နေလိမ့်ဦးမည်ဖြစ်ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံ ငွေအဖွဲ့(ယူနီဆက်ဖ်)၏ ရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှ ဌာနကြီးမှူး မစ္စတာဒါရာဂျွန်စတင်က ပြောသည်။

"သောက်သုံးရေအခက်အခဲအတွက် သူတို့ဟာသူတို့ ရပ်တည်နိုင်ဖို့မရှိသေးဘူးလို့ ဆန်းစစ်တွေ့ရှိထားတဲ့ ကျေးရွာ တချို့မှာ သောက် သုံးရေနဲ့ပတ်သက်တဲ့ ကူညီထောက်ပံ့မှုတွေကို မုတ်သုံမစတင် မီ မေ၊ ဇွန်လလောက်အထိ လိုအပ်နေဦး မှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ကျေးရွာအချို့သည် သောက်သုံးရေအတွက် သောက်ရေကန်များကိုသာ လုံးဝအားထားရခြင်းဖြစ်ပြီး ဂီရိမုန်တိုင်းအတွင်း အဆိုပါ ကန်များအတွင်းသို့ ဆားငန်ရေ၀င်ရောက်ခဲ့သဖြင့် သောက်သုံးရေများအားလုံးကို စုပ်ထုတ်ပစ်ခဲ့ရသည်။

"မုန်တိုင်းဟာ မုတ်သုံရာသီနှောင်း ပိုင်းလောက်မှာဖြစ်ခဲ့တာကြောင့် ဒီ နောက်ပိုင်းမှာလည်း မိုးရေသိပ်များများ စားစား မရနိုင်တော့ ဘူး။ ဒီလိုအစားထိုးစရာ ရေအရင်းအမြစ်မရှိတဲ့ရွာတွေကို အဓိကထားပြီး ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်သွားရမှာပါ။ ဒီလို ကျေးရွာတွေကို မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ မြို့နယ်တွေမှာ အများအားဖြင့် တွေ့ရပါတယ်"ဟု မစ္စတာဂျွန်စတင်က ပြောသည်။

နိုင်ငံတကာနှင့် ပြည်တွင်းအကူအညီ ပေးရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ ပါဝင်သည့်ရေနှင့် သန့်ရှင်းရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (WASH cluster) အနေဖြင့် နိုင်ငံတကာအလှူရှင်များ လှူဒါန်းထားသော အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ သန်းဖြင့် ကူညီထောက်ပံ့မှုများကို ယခုနှစ် ဇွန်လအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

လက်ရှိတွင် သောက်သုံးရေလိုအပ်ချက်ရှိသော ကျေးရွာများအတွက် အကူအညီပေးရေးအဖွဲ့အစည်းများက နီးစပ်ရာ စမ်းချောင်းနှင့် ရေတွင်းများသို့ လှေများဖြင့် သွားရောက်သယ်ယူ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ 

မြေပုံမြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ခြောက်ရွာမှ လူဦးရေ ၇,၃၀၀ ခန့်သည် သောက်သုံးရေထောက်ပံ့မှုများပေါ်တွင် မှီခိုနေရကြောင်း Save the children မှ လုပ်ငန်းစဉ်ဖွံ့ဖြိုးရေးနှင့် အရည် အသွေးဆိုင်ရာ ဒါရိုက်တာ မစ္စတာဒယ်နီ ယယ်ကော်လ်ဆင်က ပြောသည်။ 

ကျေးရွာများအား ရေပေးဝေနိုင်ရန်အတွက် ၎င်းတို့၏၀န်ထမ်းများနှင့် ဒေသမှ စေတနာ့ဝန်ထမ်းများသည် ငွေတွင်း တူးရွာတွင် သဘာဝစမ်းရေများကို သိုလှောင်ဖြန့်ဖြူးပေးနိုင်မည့် လေး မီတာခန့်မြင့်သည့် ကွန်ကရစ်တမံတစ်ခုကို တည်ဆောက်ခဲ့ကာ သောက်သုံးရေ လိုအပ်သော ကျေးရွာများသို့လှေများဖြင့် သယ်ဆောင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါတမံမှ ဒီဇင်ဘာလအတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ဒေသခံများအတွက် ရေလီတာ ၇၉၀,၀၀၀ ဖြန့်ဝေပေးနိုင် ခဲ့သည်ဟုဆိုသည်။ 

ဒီဇင်ဘာလဆန်းမှစတင်ခဲ့သော ၎င်းသောက်သုံးရေ ဖြန့်ဖြူးမှုကို မေလခန့်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု မစ္စတာ ကော်လ်ဆင်ကပြောသည်။ 

ဆိုင်ကလုန်းဂီရိသင့်ဒေသမှ လူဦးရေ ၁၂၀,၀၀၀ ခန့်မှာ သန့်ရှင်းသော သောက်သုံးရေလိုအပ်လျက်ရှိမည်ဟု WASH cluster က ခန့်မှန်းထားသည်။ 

သို့ရာတွင် ၎င်းတို့အနက်မှ အများအပြားသည် ရေ ရရှိရေးနှင့် ရေအရည်အသွေးဆိုင်ရာ ပြဿနာများကို နှစ်စဉ်ရင်ဆိုင်နေရသူ များဖြစ်သည်ဟု သိရသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသော ရေတွင်းရေကန်များအား သန့်ရှင်းရေးနှင့် ပြုပြင်တည်ဆောက်မှုများကို ဆောင်ရွက်လျက် ရှိသော်လည်း အချို့သောရေကန်များသည် ကျန်ရှိနေနိုင်သော ဆားငန်ဓာတ်များကြောင့် ပထမဆုံး မုတ်သုံမိုးရွာသွန်းပြီးချိန်တွင် ပြန်လည်သန့်ရှင်းရန် လိုအပ်မည်ဖြစ်ကြောင်း မစ္စတာကော်လ်ဆင်က ပြောသည်။
  
Source ကို မြန်မာတိုင်း(မ်) အတွဲ ၂၆၊ အမှတ် ၅၀၆ မှ ယူထားသည်။