Wednesday, November 17, 2010

မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့မြေများရှိ လုပ်ကွက်ပေါင်း ၄၀ ကျော်တွင် နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလျက်ရှိ ရခိုင်၊ တနင်္သာရီ ရေနက်ကမ်းလွန် ဒေသများပါဝင်ကြောင်း သိရ

0 Comment
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများရှိ လုပ်ကွက်ပေါင်း ၄၀ ကျော်တွင် နိုင်ငံခြားကုမ္ပဏီများကို ရင်းနှီး မြှုပ်နှံထားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အနေဖြင့် ရေနက်ကမ်းလွန် လုပ်ကွက်များလည်း ဖော်ထုတ်ပေးထားပြီး ရခိုင်၊ တနင်္သာရီကမ်းလွန်ဒေသများ ပါဝင်ကြောင်း သတင်းရရှိပါသည်။


"ရေနံနဲ့ သဘာဝဓာတ်ငွေ့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးရတဲ့ လုပ်ငန်းတစ်ခုဖြစ်သလို အထွက်နှုန်း လည်း တစ်နှစ်ထက်တစ်နှစ် များနေပါတယ်။ မနှစ်က  သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၄၀၀၀၀၀ ကျော် ထွက်ရှိခဲ့တယ်။ အခုအချိန်မှာ ထိုင်းနိုင်ငံကို အဓိက ရောင်းချနေတယ်။ ၂၀၁၃ ခုနှစ် ကျ ရင် ထိုင်းနိုင်ငံ အပြင် တရုတ်နိုင်ငံ ကိုပါ ရောင်းချဖို့ ပြင်ဆင်နေတယ်။ ပြည်တွင်းသုံးစွဲမှု အတွက်လည်း စီစဉ်နေပါတယ်။ လက်ရှိရင်းနှီးမြှုပ်နှံနေ တဲ့ကုမ္ပဏီတွေထဲမှာ အာဆီယံနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေအပြင် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေက နိုင်ငံခြားကုမ္ပဏီတွေလည်း ပါဝင်တာ တွေ့ရပါတယ်"ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြား ရေနံကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ထုတ်လုပ်မှုကို ခွဲဝေ ခံစား ရေး အခြေခံမူဖြင့် လုပ်ကိုင်လျက်ရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် ဇွန်လအထိ ကုန်းတွင်းပိုင်းဒေသ လုပ်ကွက် ၁၂ ခုတွင် စာချုပ် ၁၂ ခု နှင့်ကမ်းလွန် လုပ်ကွက် ၃၀ ခုတွင် စာချုပ် ၂၉ ခု ချုပ်ဆို၍လုပ်ငန်းများ ဆောင် ရွက် လျက်ရှိကြောင်း၊ အဆိုပါ ကမ်းလွန်လုပ်ကွက် ၃၀ ခု တွင် ရေနက်ကမ်းလွန်လုပ်ကွက် ၁၀ ခု ပါဝင် ကြောင်း သိရပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိရေနံ နှင့် သဘာဝဓာတ်ငွေ့မြေ အရေအတွက် မှာ ကုန်းတွင်းပိုင်းတွင် ၃၁ ခုရှိပြီး ကမ်းလွန်ဒေသတွင် ငါးခုရှိကြောင်း၊ အဆိုပါသဘာဝဓာတ်ငွေ့မြေများကို လုပ်ကွက်များပိုင်းခြား၍ နိုင်ငံခြား ရေနံကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပြုနိုင်ရန် ဖော်ထုတ်ပေးထားကြောင်း၊ ၁၉၉၈ ခုနှစ် ဇူလိုင်လမှစတင်၍ ပြည်ပသို့ သဘာဝဓာတ်ငွေ့ ပေးပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်း သဘာဝဓာတ်ငွေ့မြေများမှ အထွက်နှုန်း မြင့်မားလာစေရန်အတွက် တရုတ်နိုင်ငံမှ ပေနက်တွင်းတူးစက်ကြီးလေးခု တင်သွင်းခဲ့ကြောင်း၊ အဆိုပါစက်များဖြင့် သာကြီးတောင်၊ ကျောက်ခွက်၊ မအူပင်(တောင်)၊ ပြည် ရေနံမြေဒေသများတွင် သဘာဝဓာတ်ငွေ့ အထွက်နှုန်း မြင့်မားစေရန် အတွက် ပေနက်တွင်းသစ်များ တူးဖော်လျက်ရှိကြောင်းနှင့် ကုန်တွင်းပိုင်းလုပ်ကွက် အချို့တွင်လည်း စီးပွား ဖြစ် ထုတ်ယူနိုင်သည့် လုပ်ကွက်သစ်များ ထပ်မံတွေ့ရှိထားကြောင်း သိရပါသည်။

Source: EMG