Saturday, January 29, 2011

တတိယအကြိမ်မြောက် ရခိုင်ရိုးရာ ပန်းရထားဆွဲပွဲ စစ်တွေတွင် ကျင်းပမည်

0 Comment

မေဃ၀တီ 
 
၂၀၁၁-ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ရခိုင်ရိုးရာ ပန်းရထားဆွဲပွဲတော်ကို စစ်တွေမြို့၊ ကမ်းနားလမ်း၊ မိဇံရပ်ကွက်တွင် တတိယအကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုပြုလုပ်မည့် ပန်းရထားဆွဲပွဲသည် နှစ်ပေါင်း ၄၀ ကျော်အတွင်း တတိယအကြိမ်မြောက်အဖြစ် စစ်တွေမြို့တွင် ကျင်းပမည်ဖြစ်ကာ ပွဲကို လက်ခံကျင်းပသည့်ရပ်ကွက်သည် ဓလေ့ထုံးတမ်း အရ (၃) နှစ်ဆက်တိုက် ကျင်းပရမည်ဖြစ်သည်။

ပန်းရထားဆွဲပွဲ စတင်ဖြစ်ပေါ်လာပုံမှာ မယ်တော်မာယာမှာ ဗုဒ္ဓလောင်းလျာအား ပဋိသန္ဓေယူချိန်၌ မိမိမွေးဖွားရာ ဒေ၀ဒဟပြည်သို့ ခေတ္တပြန်လာစဉ် တိုင်းပြည်နှစ်ပြည်ကြား လမ်းခရီးဝက်တွင်ရှိသည့် ``လုမ္ဗိနီတော´´အတွင်း ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားအား ဖွားသန့်စင်တော်မူပြီး နောက် ခုနစ်ရက်နေ့တွင် ကွယ်လွန်တော်မူကာ  မယ်တော်မာယာကြွင်းကျန်ရုပ်ကလာပ်တော်ကို ကပိလ၀တ် တိုင်းနှင့် ဒေ၀ဒဟတိုင်း နှစ်ပြည်ထောင်သားအပေါင်းတို့မှာ သင်္ဂြိုဟ်ရန် ဆန္ဒ ရှိကြသောကြောင့် တစ်ပြည်နှင့်တစ်ပြည် အငြင်းပွားကာ ကြွင်းကျန်ရုပ်ကလာပ်တော်ကို ပန်းယိုင် ရထားဆင်ပြီး နှစ်ပြည်ထောင်သားအပေါင်းတို့က အပြိုင်ဆွဲရန် ဆုံးဖြတ်ခဲ့ရာမှစပြီး ပေါ်ပေါက် ခဲ့ကြောင်း သိရသည်။

ရခိုင်ရိုးရာ ပန်းရထားဆွဲပွဲတော်မှာတော့ သက္ကရာဇ် (၈၇၈) ခုနှစ် မြောက်ဦးနန်းတက်စိုးစံ ဘုရင်မင်းဘာ လက်ထက်၌ မဟာပညာကျော်နှင့် ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) ကဲ့သို့ ပညာရှိများနှင့် လောကီပညာရှင်များ ပေါ်ထွန်းလာပြီ ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) မှာ ဘုရင့်တိုင်းပြည်ရေးရာကို လောကီပညာဖြင့် ကူညီထမ်းဆောင်နေသူအဖြစ် ထင်ရှားသူဖြစ်ကာ ၎င်းမှ တိုင်းပြည်ရှေ့ရေး အတိတ်နိမိတ် မကောင်းခြင်းကို မြင်ရာ မင်းဘာဘုရင်ထံ သွားရောက်ပြီး ကြာသပတေး ရက်သားရှင်တစ်ဦး၏ ရင်ကိုခွဲ၊ အူကို ထုတ်ကာ ၎င်းလဲကျကွယ်လွန်ရာနေရာတွင်သာ မြုပ်နှံရန် လျှောက်တင်ခဲ့ပြီးနောက် ဦးမြ၀ါမှာ ကြာသပတေးသား ဖြစ်သောကြောင့် မိမိ၏ရင်ကိုခွဲကာ အူကိုထုတ်၍ နန်းတော်အား ပတ်စဉ် ယုတ်ညံ့သောအရပ်၌ လဲကျကွယ်လွန်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုင်းပြည်ကို ချစ်တတ်သူအား ဘုရင်က ယုတ်နိမ့်အရပ်တွင် မမြုပ်စေဘဲ မြင့်မြတ်သော အရပ်၌သာ မြုပ်နှံစေရန်မိန့်တော်မူသောကြောင့် ပြည်သူများနှင့် သဘောထားကွဲလွဲပြီး သျှင်ငယ်မြ၀ါ၏ ကြွင်းကျန်ရုပ်အလောင်းအား ပန်းရထားပေါ်တွင်တင်က ပြည်သူတစ်ဘက်၊ ဘုရင်က်တော်သာတစ်ဘက်၊ သူ့ဘက်ကိုယ့်ဘက် အနိုင်ရရှိစေရန် အပြိုင်ဆွဲခဲ့ကြရမှာ ရခိုင်ရိုးရာ ပန်းရထားဆွဲပွဲတော် ဖြစ်ပေါ်လာကြောင်း သမိုင်းအရ သိရှိရသည်။

ထိုအချိန်မှစတင် လောကီပညာရှင် သျှင်ငယ် ဦးမြ၀ါအား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်နှစ်တိုင်း တပို့တွဲလ ရောက်တိုင်း ပန်းရထားဆွဲပွဲတော်ကို ကျင်းပကြခြင်းဖြစ်သည်။

ရခိုင်ရိုးရာ ပန်းရထားဆွဲပွဲတော်ကို မြောက်ဦးခေတ်မှ အစပျိုးကာ ဗြိတိသျှခေတ်နှင့် ဒုတိယကမ္ဘာစစ် နှောင်းပိုင်းတွင်လည်း စဉ်ဆက်မပြတ် ရခိုင်ဒေသအသီးသီးတွင် ကျင်းပကာ ထိုရထားဆွဲပွဲတော်အား တပို့တွဲလဆန်းမှစတင်၍ တပို့တွဲလပြည့်ညအထိ ဆွဲကြပြီး ရထားကို အနိုင်ရသည့်ဘက်က မီးရှို့လေ့ရှိကြောင်းသိရသည်။


Source ကို အလိုတော်ပြည့်မှ ယူထားပါသည်။