Thursday, January 20, 2011

ရသစုံညီ မြောက်ဦးမြေဆီ

0 Comment

သန်းသန်းစိုး(ကျောက်ဖြူ)

ကျောင်းသွား တက်ရတော့မယ် ဆိုတဲ့ အသိနဲ့ ကျွန်မတစ်ယောက် ပီတိတွေ ဖြာနေလိုက်တာများ သစ်ရွက်လှုပ်တာ မြင်ရင်တောင် ရယ်ချင်တဲ့ မြီးကောင်ပေါက် မလေးလိုပေါ့။

ခရီး ထွက်ရတာ ၀ါသနာ ပါလှတဲ့ ကျွန်မ အတွက်တော့ ကိုယ့်နယ် မဟုတ်တဲ့ အရပ် ဒေသမှာ ကျောင်းသွား တက်ရတာဟာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အရာပါ။ နောက်ဆုံးနှစ် ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း အိမ်တန်း မပြန်ကြဘဲ ဘုရားဖူး သွားကြတာ၊ သူငယ်ချင်းတွေရဲ့ မြို့ကို လိုက်လည် တတ်ကြတဲ့ အကျင့် စရိုက်လေးတွေလည်း ရှိတော့ ခါတိုင်းနှစ်ထက် ဒီနှစ်ကို ကျွန်မ ပိုရင်ခုန်မိသား။ ဒီနှစ်က ခါတိုင်း နှစ်တွေထက်ကို ထူးခြား နေတာလည်း အမှန်ပါ။ ဒုတိယ အသုတ်မှာ ကျတဲ့ အင်္ဂလိပ်စာ မေဂျာက ကျွန်မတို့ စစ်တွေမှာ ကျောင်းတက်ရင်း သီတင်းကျွတ် ပွဲနဲ့ တန်ဆောင်တိုင် ပွဲကို ဆင်နွှဲခွင့် ရတဲ့နှစ်ပေါ့။

သီတင်းကျွတ် လပြည့်နေ့ စစ်တွေမြို့က လောကနန္ဒာ စေတီကို ကျွန်မနဲ့ တစ်ခန်းတည်း အတူ သူငယ်ချင်း ၃ ယောက် ဘေးဆောင်က သူငယ်ချင်း တစ်ယောက် အပါအ၀င် ကျွန်မတို့ ၅ ယောက် အိပ်ရာစောစော ထလို့ ဖူးမြော်ခဲ့ကြပါတယ်။ မနက်စောစော ဘုရားကို ဖူးရတဲ့ ခံစားမှုက ဘာနဲ့မှ နှိုင်းလို့ မရပါဘူး။ ကျွန်မရဲ့ စစ်တွေမြို့က အရောက်ဆုံး နေရာကို ပြပါဆိုရင် လောကနန္ဒာ စေတီပါပဲ။ စာမေးပွဲ ဖြေတုန်းဆို နေ့တိုင်း တစ်ယောက်တည်း လာဖြစ်နေကျ နေရာပေါ့။ စေတီတော်ကြီးရဲ့ မုခ်ဝလေးခု စလုံးကို ဆေးမသုတ်ဘဲ ထားတာဟာလည်း လူပြောသူပြော များလှတဲ့ စိတ်ဝင် စားစရာ တစ်ခုပါ။ ဦးခေါင်းတော်က အပါအ၀င် ခန္ဓာကိုယ်မှာ ဘုရားပေါင်း များစွာနဲ့ ထုထားတဲ့ တကယ် အံ့သြစရာ လက်ရာနဲ့ စကြာမုနိ ဘုရားကလည်း ကျွန်မ လောကနန္ဒာ စေတီတော် မြတ်ကြီးကို ရောက်တိုင်း မဖြစ်မနေ သွားဖြစ်တဲ့ နေရာ တစ်ခုပါ။

ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေဟာ လှပတဲ့ သဘာဝ ရှုခင်းတွေ နဲ့ လူကို ဖမ်းစားနိုင်တဲ့ မြို့တစ်မြို့ပါ။ သလုံးတော်၊ အဓိဋ္ဌာန်ကျောင်း၊ ယဉ်ကျေးမှု ပြတိုက်၊ ပွိုင့်နဲ့ စစ်တွေ ဟိုတယ်တွေဟာ ကျောင်းသားတွေ ခြေချင်း လိမ်နေတဲ့ နေရာတွေပေါ့။ ကျွန်မတို့ရဲ့ စာမေးပွဲ နောက်ဆုံးနေ့ဟာ တန်ဆောင်တိုင် ပွဲပြီးလို့ နောက်တစ်ရက်ပါ။

ဒါပေမယ့် ကျွန်မ အတွက်တော့ မကြောက်ရတဲ့ မြန်မာစာမို့ တန်ဆောင်တိုင်မှာ အဆောင်က သူငယ်ချင်းတွေနဲ့ လျှောက်လည် ဖြစ်လိုက်ပါသေးတယ်။ ဘာသာရပ်တွေ အားလုံး ဖြေနိုင်ခဲ့တာမို့ ကျွန်မရဲ့ အနှစ်နှစ် အလလ စိတ်ကူး ယဉ်ခဲ့ရတဲ့ ခရီးစဉ်ကို သွားဖို့ အမေ့ ဆီကို ဖုန်းလှမ်းဆက်ပြီး ခွင့်တောင်း  ရပါတယ်။ (ပိုက်ဆံလည်း ပါတာပေါ့လေ။) ကျွန်မတို့ရဲ့ စာမေးပွဲဟာ မနက် ၁၁ နာရီခွဲမှာ ပြီးပါတယ်။

အဆောင်ပြန်ရောက်တော့ မြို့ကို ကားနဲ့ပတ်ဖို့ သွားကြမယ်လို့ ခေါ်ကြတော့ ဥု ပေါ့။ နေ့လယ် ၂ နာရီကတည်းက ကားနဲ့ စစ်တွေ ဟိုတယ်နဲ့ ပွိုင့်ကို သွားပြီး ကဲခဲ့ကြတဲ့ ကျွန်မတို့ တစ်တွေ အဆောင်ကို ပြန်ရောက်တော့ ည ၆ နာရီပါ။ အမှတ်တရကတော့ သင်္ကြန် လည်မှသာ ကတဲ့ ကျွန်မ အဲဒီနေ့က အကနိုင်ဆုံး ဘွဲ့ကို ရခဲ့တဲ့ အထိ ကားပေါ်မှာ ကခဲ့တာ ခေါင်းမှာ ဘုနှစ်ဘု(ကားက သံတန်းတွေနဲ့ ဆောင့်ပြီး) လက်ဆောင် ရတာပါ။ ၇ နာရီဆို ဆရာ၊ ဆရာမတွေ ကန်တော့ဖို့ သွား မယ် စီစဉ် ထားခဲ့တော့ အပြေးအလွှားနဲ့ ကျွန်မ  ညစာ ငတ်ခဲ့ရပါတယ်။ အဆောင် ပြန်ရောက်တော့ ည ၁၀ နာရီ ရှိပြီမို့ ပစ္စည်းတွေ အပြေးအလွှား သိမ်းရင်း မနက်ဖြန် ခရီးအတွက် ပြင်ဆင်လိုက်တာ ည ၁ နာရီ ထိုးသွားခဲ့ပါတယ်။ နောက်ဆုံး ညဆိုတော့ ခွဲရမယ့်သူငယ်ချင်းနဲ့ စကားပြော ကြရင်း တော်တော်နဲ့ အိပ်မပျော်ခဲ့တဲ့ ညပါ။ ၆ နာရီထွက်မယ့် ကားအတွက် ၅ နာရီ လာခေါ်မယ် လို့ ပြောထားတဲ့ အစ်ကို ၀မ်းကွဲလာရင် အဆင်သင့် ဖြစ်အောင် မနက် ၄ နာရီမှာ ပြန်ထခဲ့ရတော့ စာမေးပွဲတုန်းကတောင် ဒီလောက် မပင်ပန်းခဲ့ဘူးလို့ တွေးမိပါတယ်။

ရာသီဥတုက ဆောင်းဘက်ကို ရောင်ချင်ချင်မို့ အနွေးထည် လှလှနဲ့ ပဲများချင်တဲ့ ကျွန်မ အတွက်တော့ သဘောကျချင်စရာပါ။ လူ ၅ ယောက် သွားရမှာလို့ ထင်ထားခဲ့တဲ့ ခရီးမှာ လူ ၁၀ ယောက်ဖြစ် သွားခဲ့တာဟာလည်း ဒီခရီးမှာ တကယ့်ကို ပျော်စရာ ဖြစ်ခဲ့တာပါ။ လက်မှတ် အခက်အခဲကြောင့် ကားနှစ်စီးမှာ လူကွဲသွားတဲ့ အခါ ကျွန်မ စီးရမယ့် ကားက ကင်းစတားတဲ့။

ဒီလိုနဲ့ပဲ ကျွန်မတို့ရဲ့ ဘုရားဖူး ခရီးစဉ်ဟာ ၃.၁၁.၂၀၀၉ မှာ စတင်ခဲ့ကြပါ တော့တယ်။ ကျွန်မတို့ အဖွဲ့က ကျောက်တော်မြို့ကို အရင်ဝင်ကြမယ်လို့ ဆုံးဖြတ်ပြီး ကျောက်တော်မှာ ဆင်းကျန်ခဲ့တော့ မနက် ၁၀ နာရီတီးချင်ချင်ပါ။ ကျွန်မတို့အဖွဲ့က ကိုစိုးမိုးအောင်နဲ့ ခင်တဲ့ ကားဂိတ်နားက ဆိုင်မှာ ခရီးတစ်ထောက် နားခဲ့ကြပါတယ်။

အဲဒီဆိုင်က ကားသမားတွေ စားဖို့ ထမင်းချက်ပေးတဲ့ ဆိုင်မို့လို့ ကျွန်မတို့ အဖွဲ့ အတွက်ပါ ချက်ပေးပါ ဆိုပြီး ပူဆာခဲ့ရင်း ကျောက်တော်ဈေးကို ထွက်လာခဲ့ကြပါတယ်။ ကစ္ဆပနဒီ မြစ်ကမ်းဘေးမှာ တည်ထားတဲ့ ကျောက်တော်မြို့ဟာ တကယ့်ကို ချစ်စရာ ကောင်းတဲ့ မြို့ကလေးပါ။ ကျွန်မတို့ အဖွဲ့ မြို့တစ်ပတ် ပတ်ပြီး ပြန်လာတော့ ဗိုက်ကတော်တော်ကို ဆန္ဒပြ နေကြပါပြီ။ လက်ရာ ကောင်းလွန်းတာမို့ ခေါင်းမဖော်စတမ်း စားခဲ့ရတဲ့ ခရီးစဉ်ရဲ့ အမှတ်တရ ထမင်းပွဲလေးပါ။ ကျောက်တော်မြို့က သမိုင်းဝင် နေရာ တွေဖြစ်တဲ့ သေလာဂီရီတောင်လို့ ခေါ်တဲ့ ကျောက်တော်တောင်နဲ့ မဟာမြတ်မုနိ ဘုရားကို သွားဖို့ စီစဉ် နေတုန်းပဲ မြောက်ဦး အထိပါ လိုက်ပို့ပေးမယ့် ဂျစ်ကား တစ်စီးနဲ့ တွေ့လို့ တော်တော့်ကို အဆင်ပြေ သွားပါတယ်။ ကံကောင်းမှုတွေနဲ့ စတဲ့ခရီးပေါ့။

နေ့လယ် ၁၂ နာရီခွဲမှာ ကျောက်တော်က စထွက်လာတဲ့ ကျွန်မတို့ အဖွဲ့ မြို့ပြင်မှာ သကြားစက် တည်ထားတဲ့ နေရာရှေ့က ဖြတ်ရင်း ကြံခင်းတွေ အများကြီးကိုလည်း တွေ့ခဲ့ရပါတယ်။ ကစ္ဆပနဒီ မြစ်ရဲ့ တစ်ဖက်တစ်ချက် စီမှာရှိတဲ့ ကျောက်တော်မြို့ရဲ့ကျောက်တော်တောင်ကို အလွယ်တကူ သွားလာ စေနိုင်တာလည်း ကစ္ဆပနဒီ တံတားရဲ့ကျေးဇူးကြောင့်ပါ။ ဓာတ်ပုံရိုက် ၀ါသနာ ပါတဲ့ ကျွန်မ မြောက်ဦးကို သွားတဲ့အခါ အဲဒီ တံတားကနေ ပြန်ဖြတ်ရမယ်လို့ ထင်ပြီး ပြန်လာမှ ဓာတ်ပုံ ရိုက်မယ်လို့ တွေးထားခဲ့တဲ့ ကျွန်မ ဘာဓာတ်ပုံမှ မရိုက်နိုင်ခဲ့တာလည်း အမှတ်တရ အလွဲ တစ်ခုပါ။ (အမှန်က မြောက်ဦးကို သွားဖို့ ပြန်လှည့်စရာ မလိုတာကို မသိခဲ့တဲ့ ကျွန်မရဲ့ အမှားပေါ့။) တောင်ပေါ် အထိကားနဲ့ တက်လို့ ရပေမယ့် ကျွန်မတို့ အဖွဲ့ ကျောက်တော်တောင်ကို ပျော်ပျော်ပါးပါးနဲ့ ရယ်ပွဲဖွဲ့ပြီး ခြေထောက်နဲ့ တောင်ထိပ်အထိ တက်ခဲ့ကြပါတယ်။ တောင်ပေါ်မှာ မျောက်တွေ ရှိတယ်လို့ကြားပြီး မျောက်ကိုကျွေးဖို့ ငှက်ပျောသီးတွေ၊ ဝေဖာချောင်းတွေလည်း ၀ယ်ခဲ့ကြတာပေါ့။ တောင်တက်တော့မှပဲ ကျွန်မရဲ့ မနေ့က ကခဲ့တဲ့ ဒဏ်တွေ ပေါ်တော့တာပါပဲ။

ရှေ့ဆက် မတက်ချင်တော့လောက်အောင် လူက ပင်ပန်း နေပေမယ့် ဘယ်အချိန်မှ ပြန်လာနိုင်မယ် ဆိုတာ မသေချာတာမို့ အားတင်းပြီး တက်ခဲ့ရတဲ့ နေရာပါ။ တောင်ပေါ်တက်တော့ ခေါင်းက ရှေ့ရောက်ပြီး ခန္ဓာကိုယ်က နောက်မှာ ကျန်ခဲ့ကြတာကိုဒီလိုသာဆို ခန္ဓာကိုယ်တွေ လှတော့မှာပဲလို့ အော်သူကအော်နဲ့ တော်တော့်ကို ပျော်စရာ ကောင်းနေတော့တာပါ။ တောင်လယ်လောက် ရောက်တော့ ဟိုဘက်မှာ တစ်တောင်၊ ဒီဘက်မှာ နှစ်တောင်ဆိုပြီး ကွဲသွားပါတယ်။

ကျွန်မတို့လည်း စေတီတော်မြတ်ကြီး တည်ထားတဲ့ တောင်ကို အရင်ဆုံး သွားဖြစ်ပါတယ်။ စေတီကို ဖူးမြော်ပြီး တောင်ပေါ်ကနေ တွေ့ရတဲ့ ရှုခင်းကို မြင်ရတဲ့ အခိုက်မှာ တောင်တက်ခဲ့ရလို့ ပင်ပန်း ထားသမျှတွေ ဘယ်နားကို လွင့်ကုန်မှန်းတောင် မသိတော့ပါဘူး။ အရမ်းလှတဲ့ ရှုခင်းပါ။ မြစ်သာခြားတဲ့ ကျောက်တော်မြို့ တစ်ခုလုံးကို စီးမြင်ခဲ့ရပါတယ်။ ကစ္ဆပနဒီ တံတားကို အဝေးက လှမ်းမြင်ရ တော့မှ အရမ်းရှည်ပြီး တကယ် လှပါလားလို့ ခံစားခဲ့ရပါတယ်။ လယ်ကွင်း တွေကလည်း မျက်စိ တစ်ဆုံးပေါ့။

စေတီတော်ကို ဖူးမြော်ပြီး စေတီရဲ့တစ်ဖက်မှာ ရှိတဲ့ နောက်တစ်တောင်ကို အချိန်ကြာမှာ စိုးလို့ မသွားဖြစ်ခဲ့ကြပါဘူး။ လာတဲ့လမ်း အတိုင်း ပြန်ဆင်းပြီး တောင်လယ်လောက်မှာ လမ်းခွဲထားတဲ့ နောက်တစ်တောင်ကို ဆက်တက် ဖြစ်ခဲ့ပါတယ်။ အဲဒီ တောင်တက်တော့မှပဲ မျောက်တွေ ဆင်းလာကြတာကို တွေ့ရပါတယ်။ ငှက်ပျောသီးတွေ၊ ဝေဖာချောင်းတွေ ကျွေးကြနဲ့ ရုန်းရင်း ဆန်ခတ်ကို ဖြစ်နေကြတာပါပဲ။ ဒီတောင်မှာ သီတင်းသုံးတဲ့ ဘုန်းကြီးက မွေးထားတာလို့ သိခဲ့ရပါတယ်။

စုစုပေါင်း ၁၀၀ နီးပါးရှိမယ် ထင်ပါတယ်။ ဓာတ်ပုံ ရိုက်ဖို့လုပ်တော့ ထွက်ပြေး ကုန်ကြလို့ မရိုက်ခဲ့ရပါဘူး။ ကျွန်မတို့ အဖွဲ့ထဲမှာ ယောက်ျားလေးတွေ ပါတာကြောင့် သိပ်မကပ်ရဲတာ ထင်ပါတယ်။ မိန်းကလေးတွေချည်း လာကြတဲ့ သူတွေဆို လက်ထဲက မုန့်ကိုတောင် လုကြတယ်လို့ ကြားဖူးထားတော့ အော်ရမယ့် အဖြစ်တွေက လွတ်ကင်းခဲ့တာပါ။ ဒီတစ်ခါ တက်ခဲ့တဲ့ တောင်မှာတော့ ရပ်တော်မူ ဘုရားတစ်ဆူ တည်ထားပါတယ်။

မြတ်စွာ ဘုရားရှင် သက်ရှိ ထင်ရှား ရှိခဲ့စဉ်က အရင်ဘ၀ အဆက်ဆက် တွေမှာ ရခိုင်ပြည့်ရှင် စန္ဒသူရိယ မင်းနဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူး ပါတယ်။ အဲဒီ ရေစက်တွေကြောင့် စန္ဒသူရိယ ဘုရင်ဟာ မြတ်စွာဘုရားကို ဖူးမြော်ချင်လွန်းလို့ ကိုယ်တိုင်သွားဖို့ လုပ်ခဲ့ပါတယ်။ အမတ်တွေက ခရီးကြမ်းပြီး ဝေးလွန်းတာမို့ မသွားပါနဲ့လို့ တားမြစ်ခဲ့တော့ ဘုရင်ဟာ ဖူးမြော်ချင်လွန်း လို့ စိတ်နှလုံး မသာမယာ ဖြစ်ခဲ့ရပါတယ်။ ဒါကိုသိတဲ့ မိဖုရားက ဘုရားရှင် ကို စိတ်နဲ့ ပင့်ဖိတ်လို့ရပါတယ်လို့ လျှောက်တင်တော့ ဘုရင်က ပင့်ဖိတ်ခဲ့ ပါတယ်။ ဘုရင့်ရဲ့ပင့်ဖိတ်မှုကြောင့် နောက်လိုက် သံဃာအပါး ၅၀၀ နဲ့ ကြွလာတဲ့ မြတ်စွာဘုရားရှင်က ဒီကျောက်တော်တောင်မှာ ရပ်နားခဲ့ပါတယ်။ ဘုရားရှင်က တောင်ပေါ်ကနေ လက်ညှိုးထိုးပြီး နောင်အခါ အလွန်စည်ပင်ဝ ပြောမယ့် တိုင်းပြည်လို့ ဗျာဒိတ် ပေးခဲ့ပါတယ်။

ဒါတွေက ကျွန်မ ကိုယ့် ရခိုင်ပြည် အကြောင်းကို စိတ်ဝင်စား မိတဲ့ အချိန်က စပြီး သိခဲ့၊ ဖတ်ခဲ့ရတဲ့ ဗဟုသုတတွေပါ။ ကျွန်မတို့ ဖူးခဲ့ရတဲ့ ရပ်တော်မူ ဘုရားဟာ ဘုရားရှင် လက် ညှိုးထိုးဗျာဒိတ်ပေးနေတဲ့ ပုံစံတု လုပ်ထားပါတယ်။ ဘုရားရှင် ကိုယ်တော်တိုင် ရပ်တန့်ခဲ့ဖူးတဲ့ နေရာပါလား ဆိုတဲ့ အသိက ရင်ကို အေးမြစေပါတယ်။ တောင်ပေါ်မှာ အချိန်အတော် ကြာခဲ့ကြတဲ့ ကျွန်မတို့ ခပ်မြန်မြန်ပြန် ဆင်းလာတဲ့ လမ်းမှာ ပဲများများနဲ့ အနွေးထည် ၀တ်ခဲ့တဲ့ ကျွန်မကို မြင်တဲ့ သူတိုင်းက စချင်တဲ့ မျက်နှာနဲ့ ကြည့်ကြည့် သွားတာလည်း အမှတ်တရပါ။

ဒီလိုနဲ့ ခရီးဆက် လာကြတော့ နာရီဝက် လောက်သွားတယ် ဆိုရင်ပဲ မဟာမြတ်မုနိ ဘုရား ကိုရောက်ခဲ့ကြပါတယ်။ မဟာမြတ်မုနိ ၀င်ပေါက်က လူကို တစ်မျိုး ဆွဲဆောင်နိုင်တဲ့ နေရာပါ။ လမ်း ကျဉ်းကျဉ်းလေးနဲ့ ဘေးနံရံတွေက ထူတဲ့ပုံစံမို့ ၀င်လိုက်တယ် ဆိုရင်ပဲ အေးချမ်းမှုကို စတင်ခံစား ရတော့တာပါ။ လူဖြစ်ရကျိုး နပ်ပြီလို့ ခံယူမိတဲ့ အထိ မဟာမြတ်မုနိ ဘုရားဟာ ကျွန်မရဲ့စိတ်ကို ဖမ်းစား ထားတာပါ။ ဘယ်လိုပဲဖူးဖူး၊ ဖူးလို့မ၀ နိုင်တာမို့ ထိုင်ရာကနေကို မထချင်တော့တာပါ။

ဒီခံစားမှုကို ခံစားရတာ ကျွန်မ တစ်ယောက်တည်း မဟုတ်ပါလားလို့လည်း သူငယ်ချင်းတွေကို ပြန်ပြောပြတဲ့ အခါ သိခဲ့ရပါတယ်။ အပြန် ကျရင်လည်း ၀င်ဖူးဦးမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အထိပါ။ ကျွန်မ ဘ၀မှာ မွေးကတည်းကနေ ဖူးလာတဲ့ ဘုရားပေါင်းဟာလည်း မနည်းပါဘူး။ ဒီခံစား ချက်ကတော့ ပထမဆုံးပါ။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ရခိုင်ပြည်ကို ရောက်ခဲ့မယ် ဆိုရင် စစ်တွေ-ရန်ကုန် ကားလမ်း ဘေးမှာရှိတဲ့ မဟာမြတ်မုနိ ဘုရားကို ၀င်ဖူးဖြစ် အောင်ဖူးပါလို့ တိုက်တွန်း ချင်ပါတယ်။ ဘုရားရှင်ရဲ့ ရင်ငွေ့တော် ၇ ချက်နဲ့ အသက် သွင်းခဲ့တဲ့ မဟာမြတ်မုနိ ဘုရားဟာ ကျွန်မတို့ ရခိုင်လူမျိုး တွေရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အရာ တစ်ခုပါ။ ဘုရား တန်ဆောင်းမှာ စားခဲ့ရတဲ့ အကြော်သုပ် (ပဲအမျိုးမျိုး)ဟာလည်း မဖြစ်မနေ စားကြည့်သင့်တဲ့ အရာပေါ့။ အကြော်သုပ် စားကြတော့ ဟင်းထည့်တဲ့ ပန်းကန်မျိုးတွေနဲ့ ရေနွေး သောက်ရတာဟာလည်း အရင်ခေတ်ကို ပြန်ရောက် သွားသလိုပါ။

မဟာ မြတ်မုနိကနေ မနားတမ်း ခရီး ဆက်ခဲ့ကြတာ ကျွန်မတို့ ၀င်ကြည့်စရာ ဆိုလို့ ဝေသာလီမြို့ ဟောင်းတစ်ခုပဲ ကျန်တော့တယ်။ မြောက်ဦး ဘက်ရောက်တော့ အရမ်းလှတဲ့ ရှုခင်းတွေကို တွေ့ခဲ့ရပါတယ်။ ကြည့်လိုက်သမျှဟာ လမ်းရဲ့ တစ်ဖက်မှာ တောင်တန်းတွေနဲ့ နောက်တစ်ဖက်မှာ ကြည့်မဆုံး နိုင်တဲ့ လယ်ကွင်းတွေပါ။ ရခိုင်မှာ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့နဲ့ မြောက်ဦး ခေတ်ဆိုပြီး ခေတ်လေးခေတ် ရှိခဲ့ပါတယ်။ ရှေး ဟောင်း သုတေသနက တူးဖော်ထားတဲ့ ဝေသာလီ ခေတ်ရဲ့ မြို့ရိုး နန်းရာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အခု အခါမှာတော့ ဝေသာလီမြို့ နေရာမှာ ရွာတစ်ရွာ ရှိနေပါတယ်။
ရွာထဲက ဖြတ်သွားတော့ ကားဆရာ စကားကြောင့် ဗဟုသုတ ရခဲ့ပါသေးတယ်။

ဝေသာလီရွာက ကြက်တွေက ဈေးကြီးတယ်

လို့ ပြောတော့ ကျွန်မတို့က
ဘာလို့လဲ
လို့ ပြန်မေးမိပါတယ်။

ဝေသာလီ ရွာက အရင်က မြို့ဟောင်းဆိုတော့ ကြက်တွေက အစာ ရှာစား၊ ယက်စားတဲ့အခါ ရွှေတွေကို မျိုမိတတ်လို့ ကြက်သတ်တဲ့ အခါ ရွှေရတတ်ကြပါတယ်။ အဲဒါ ကြောင့်ဈေးကြီး ပေးပြီး ၀ယ်ရတယ်တဲ့။ မြောက်ဦးနား ရောက်ခါနီး တွေ့ခဲ့ရတဲ့ ကားလမ်းဘေးက ကြာကန်ကြီးဟာလည်း ကျွန်မတို့လို မိန်းကလေးတွေ အတွက်တော့ သဘော ကျစရာပါ။ ကန်ထဲမှာ ပြည့်နေတဲ့ ကြာပန်းတွေဟာလည်း နွမ်းတဲ့အပင် ကနွမ်း၊ လှချင်တိုင်း လှနေတဲ့ အပင်က လှနဲ့ တကယ့်ကို မျိုးစုံပါ။ မြောက်ဦး ဈေးနားက ကံ့ကော်ဖူး တည်ခိုခန်းကို ရောက်တော့ ညနေ ၅ နာရီခွဲပါ။ မနက်ဖြန် ဘုရားဖူးမယ့် အစီအစဉ် အတွက်လည်း စီးလာတဲ့ ကားကိုပဲ ထပ်ငှား ဖြစ်ပါတယ်။ ခရီး ပန်းမှုကြောင့် ထမင်းစားပြီး ဘာမှ မပြောနိုင်ကြတော့ဘဲ တစ်ချိုးတည်း အိပ်ခဲ့ကြတဲ့ ညတစ်ညပေါ့။

မနက်စောစော ၇ နာရီမှာ ကျွန်မတို့ အဖွဲ့ရဲ့ ဘုရားဖူး ခရီးစဉ်ကို စကြပါ တော့တယ်။ ကျွန်မတို့ အဖွဲ့က ဘသန်းက မြောက်ဦးသား ဖြစ်နေလို့ ကျွန်မတို့ အဖွဲ့အတွက် ပိုပြီး အဆင်ပြေ သွားပါတယ်။ မြို့ကနေ လှမ်းကြည့်ရင် တောင်ပေါ်မှာ တည်ထားတဲ့ ဘုရားကို တွေ့ရတာကြောင့် ကျက်သရေ ရှိတဲ့ မြို့လို့လည်း တွေးမိပါတယ်။ ပထမဆုံး ကျွန်မတို့အဖွဲ့ခြေချမိခဲ့တာက မဟာဗန္ဓုလ ကျောင်းလို့ခေါ်တဲ့ စန္ဒမုနိ ကျောင်းတိုက်ကြီးပါ။ စန္ဒမုနိဘုရားရဲ့ သမိုင်းဟာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စန္ဒသူရိယ ဘုရင်ဟာ မဟာမြတ်မုနိ သွန်းလုပ်ပြီးလို့ ကျန်နေသေးတဲ့ ရတနာတွေနဲ့ စန္ဒမုနိ၊ သကျမုနိ၊ ရာဇမုနိ၊ စူဠာမုနိနဲ့ ဒေ၀မုနိဆိုပြီး မုနိငါးဆူ သွန်းလုပ်ခဲ့ပါတယ်။

၁၈၂၄ မှာ ရခိုင် ပြည်ဟာ အင်္ဂလိပ် လက်အောက် ကျရောက်တော့ အင်္ဂလိပ်တွေဟာ ရခိုင်မှာ ရှိတဲ့ ကြေးဘုရား၊ ကြေးခေါင်းလောင်းနဲ့ ကြေးပစ္စည်းတွေကို သိမ်းယူပြီး အမြောက် သေနတ်တွေ၊ ကျည်ဆန်တွေ ပြုလုပ်ခဲ့ပါတယ်။ စန္ဒမုနိ ရုပ်ပွားတော်ကိုလည်း အင်္ဂလိပ်တွေ သိမ်းမှာစိုးလို့ ချောင်းထဲမှာ မြှုပ်ပြီး ၀ှက်ခဲ့ပါ တယ်။ တိုင်းပြည် အေးချမ်းတော့မှ ပြန်လည်ဖော်ယူပြီး ဗန္ဓုလကျောင်းမှာ အင်္ဂတေတွေလိမ်းပြီး ကျောက်ဆင်းတု အဖြစ် ပြုလုပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ရောက်မှ ဘုရား ဆင်းတုတော်က ကျောက်မျက်လုံး တစ်လုံး ပြုတ်ကျ သွားလို့ ကြေးဆင်းတုတော်မှန်း သိပြီး ကျောက်တွေကို ခွာချခဲ့တာပါ။ ဗန္ဓုလ ကျောင်းတိုက်ဟာ တကယ့်ကို ရှားပါး တန်ဖိုး ကြီးလှတဲ့ နေရာပါ။

အရင်ကျောင်း ထိုင်ဆရာတော်ရဲ့ရှေးဟောင်းပစ္စည်း စုတတ်တဲ့ ၀ါသနာကြောင့် ကျောင်းပေါ်မှာ ရှေးဟောင်း ဆင်းတုတော်တွေ၊ ရတနာတွေ၊ ပစ္စည်းတွေ အမျိုးမျိုးကို မြင်ခဲ့ရပါတယ်။ ဘယ်လိုမှ မျက်နှာချင်းဆိုင် ထားလို့ မရတဲ့ ဘီလူး မောင်နှမ ရုပ်တုကိုလည်း တွေ့ခဲ့ရပါတယ်။ မျက်နှာချင်းဆိုင် ထားရင် သူ့အလိုလို ကျောခိုင်း သွားတတ်တယ်လို့ ကျောင်းက ဆရာတော် တစ်ပါး ရှင်းပြလို့ သိခဲ့ရပါတယ်။ သီဟိုဠ် နိုင်ငံကနေ ပင့်ဆောင်လာတဲ့ ဗုဒ္ဓသရီရ အံတော်မြတ်ကိုလည်း ဖူးတွေ့ခဲ့ ရပါတယ်။

ဒုတိယ သွားဖြစ်ခဲ့တဲ့ နေရာကတော့ လက်ဆည်ကန်ပါ။ ရှင်ဘုရင်  လက်ဆေးခဲ့တဲ့ ကန်မို့ လက်ဆေးကန်၊ လက်နဲ့ဆည်တဲ့ ကန်မို့ လက်ဆည်ကန် ဆိုပြီး အမျိုးမျိုး ခေါ်တွင် နေကြပါတယ်။ ဧက ၁၀၀ ကျော် ကျယ်ဝန်းပါတယ်။

ရေကန်ကနေ ထွက်လာကြတော့  မာရ်ငါးပါး ဘုရားတွေထဲက တစ်ပါး ဖြစ်တဲ့ ဇိနမာရ်အောင်ကို သွားကြပါတယ်။ ဇိနမာရ်အောင် ဘုရားကနေ ထွက်လာကြတော့ ကိုးသောင်း ပုထိုးတော်ကို ဖူးမြော်ခဲ့ကြပါတယ်။ ကိုးသောင်းမှာ တွေ့ခဲ့ရတဲ့ နိုင်ငံခြားသားတွေနဲ့လည်း ကျွန်မတို့ အဖွဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်ဖြစ်ခဲ့ပါတယ်။

သူတို့က Where did you come from?  လို့ ကိုယ်တွေထက် အရင်စပ်စုနေကြတော့ ရယ်ခဲ့ရပါသေးတယ်။ ကိုးသောင်းရှေ့မှာ ရပ်ထားတဲ့ မြင်းလှည်း နှစ်စီးကို တွေ့တော့ မစီးဖူးကြတဲ့ ကျွန်မတို့တစ်တွေ မြင်းလှည်း သမားကို ကိုးသောင်းဘုရားကို တစ်ပတ်လောက်ပတ် ရရင်ပဲ ကျေနပ်ပါတယ် ဆိုပြီး ငှားပြီးသား မြင်းလှည်းကို လုစီးခဲ့ကြတာပါ။ မြင်းလှည်း ဆရာရှင်းပြလို့ ကိုးသောင်းကနေ လှမ်းကြည့်ရင် မြင်ရတဲ့ နေပူခံဘုရား (တောင်ပေါ်မှာ တည်ထားတာပါ။) သမိုင်းကိုလည်း သိခွင့်ရခဲ့ပါတယ်။ တောင်ပေါ်မှာ ထိုင်တော်မူ တည်ထားတဲ့ ဘုရားကို အမိုးမိုးပေး လို့မရဘူးတဲ့။ အမိုးမိုးရင် မိုးကြိုး ပစ်တာတို့၊ အနီး အနားက ရွာတွေ ဒုက္ခ ဖြစ်တာတို့ ကြုံတတ်တယ်တဲ့။ အဲဒါကြောင့်လည်း နေပူခံ ဘုရားလို့ အမည် တွင်နေတာပါ။

ကိုးသောင်းကနေ ထွက်လာတော့ ရောက်သွားတဲ့ နေရာက အ၀င်ဝမှာ ဘီလူးရုပ် တစ်ဖက်တစ်ရုပ်စီ ရှိတဲ့ သက္ကျမာရ်အောင် စေတီကိုပါ။ ဘုရားတစ်ဆူကနေ တစ်ဆူသွားတဲ့ လမ်းဟာ မြေသား လမ်းပေမယ့် ညီညီညာညာ မရှိပါဘူး။ မြင့်သွားလိုက်၊ နိမ့်သွားလိုက်၊ ကွေ့လိုက်ရနဲ့ တကယ့် တောလမ်းလိုပါပဲ။ အစတုန်းက ကျွန်မရဲ့စိတ်မှာ ထင်ထားတာနဲ့ မတူလို့ တစ်မျိုး ဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ရှေးပုံစံ အတိုင်း ထားထားတဲ့ ဘုရား စေတီတွေ၊ ရှုခင်းတွေ၊ လမ်းတွေရယ်ကြောင့် ကိုယ့်ဟာကိုယ် ရှေးခေတ်လူသား တစ်ယောက်လို ခံစားခဲ့ရပါတယ်။ တကယ့်ရှေးဟောင်း နယ်မြေစစ်စစ်ပါ။ ရတနာမာရ်အောင်၊ မင်္ဂလမာရ် အောင်စေတီတွေကို ဖူးပြီးတော့ သျှစ်သောင်း ပုထိုးတော်ကြီးကို ရောက်သွားခဲ့ပါတယ်။

သျှစ်သောင်း ပုထိုးတော်ကြီးကို ရောက်တော့မှ တကယ့်ကို ဗုဒ္ဓဘာသာ ထွန်းကားပြီး ရှေး ဟောင်းအံ့မခန်း လက်ရာတွေနဲ့ နယ်မြေ တစ်ခုပါလားလို့ ခံစားခဲ့ ရပါတယ်။ ဒီခရီးစဉ်မှာ ကျွန်မ  အကြိုက်ဆုံး နေရာတစ်ခုပေါ့။ သျှစ်သောင်းကနေ လှမ်းမြင်ရတဲ့ ထုက္ကန်သိမ်ဟာလည်း မြင်ရသူ အပေါင်း အံ့သြစရာပါ။ လျှပ်စစ်မီး ပူဇော်ပြီး သျှစ်သောင်း ပုထိုးတော်ကြီးရဲ့ လိုဏ်ခေါင်းပတ်လမ်းကို ၀င်ခဲ့ကြပါတယ်။ အနုစိတ်လှတဲ့ မြတ်စွာဘုရားရဲ့ဘ၀ပေါင်း ငါးရာ့ငါးဆယ်ကို နံရံမှာ ထွင်းထား တာကလည်း လက်ရာ မြောက်လှပါတယ်။ ထူးထူးခြားခြား ခံစားခဲ့ရတာ တစ်ခုက လိုဏ်ခေါင်း တစ်နေရာ အရောက်မှာ ဖြတ်သွားတော့ ပူနွေး နွေးနဲ့ လေကို ထိမိသလိုမျိုး ခံစားမှုပါ။ ဘာကြောင့်လဲ ဆိုတာတော့ သေချာ မသိခဲ့ပါဘူး။

ကျွန်မ သဘော အကျဆုံး ဗိသုကာလက်ရာ ဖြစ်တဲ့ ထုက္ကန်သိမ်ကို သျှစ်သောင်းကနေ ဆင်းပြီး လမ်းလျှောက် ခဲ့ကြပါတယ်။ ထုက္ကန်သိမ် ပုထိုးတော်ကြီးရဲ့ လှေကားထစ်တွေဟာ တစ်ထစ်နဲ့ တစ်ထစ်တော် တော့်ကို ကွာပါတယ်။ ကလေးတွေ တက်ဖို့ ခက်တဲ့ ကျောက်တုံးတွေနဲ့ လုပ်ထားတဲ့ လှေကားမျိုးပါ။ ထုက္ကန်သိမ်ရဲ့လိုဏ်ခေါင်း ပတ်လမ်းက ခရု ပတ်ပုံစံ လုပ်ထားပြီး ဗဟိုမှာ ဘုရားတစ်ဆူ တည်ထားပါတယ်။

ရခိုင်မှန်ရင် မြောက်ဦးကို ရောက် ဖူးရမယ်လို့ ဆောင်ပုဒ်ရှိတော့ ငါ ရခိုင်မှန်ပြီလို့ စဉ်းစားဖြစ်ခဲ့ပါသေးတယ်။ ရခိုင်လူမျိုးဖြစ် ရတာကို ဂုဏ်ယူမိခဲ့တဲ့ နေ့တစ်နေ့ဆိုလည်း မမှား ပါဘူး။ ကျွန်မတို့အဖွဲ့ နောက်ဆုံးဝင်ခဲ့တာက  လောကမာရ်အောင်စေတီပါ။

သွားနေတဲ့ လမ်းတစ်လျှောက်လုံးမှာ ဘယ် နေရာကိုပဲကြည့်ကြည့် ဘုရား၊ စေတီ မမြင်ရတဲ့ နေရာမရှိတာမို့ သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင် ဘုရားပေါင်းလို့ ဆိုခဲ့တာနေမှာပါ။ တောင်ရယ် လို့ဆိုရင် ဘုရားစေတီတည်ခဲ့တဲ့ ခေတ်တစ်ခေတ်ပါ။ နေရာတွေ အတော်စုံနေပြီ ဖြစ်တဲ့ ကျွန်မတို့ အဖွဲ့ ပြန်မယ်လုပ်တော့ နေ့လယ် ၁၂ နာရီခွဲပါ။ ထမင်းဝင် စားကြရင်း မနက်ဖြန်ပြန်ဖို့ အတွက် ကားလက်မှတ်လည်း စီစဉ် ခိုင်းရပါတယ်။ ညနေဘက် ရောက်တော့ နန်းတော်ကုန်းကို သွားခဲ့ကြပါတယ်။

ရှေးဘုရင်အဆက် ဆက်နေထိုင်ခဲ့တဲ့ နေရာ တစ်ခုပါ။ မြို့ရိုးကတော့ အခုထိ မပျက်စီးသေးဘဲ ကျန်ပါသေးတယ်။ တကယ့်ကို အခိုင်အမာပါ။ ရှေးဟောင်း သုတေသန ပြတိုက်ကလည်း အဲဒီ အထဲမှာ ရှိပါတယ်။ ပြတိုက် ပိတ်ချိန်မို့ ၀င်မကြည့်ခဲ့ရပါဘူး။ တူးဖော်ထားတဲ့ နန်းတော်တွေရဲ့ အခြေခံ အုတ်မြစ်တွေကိုလည်း မြင်ခဲ့ကြရပါတယ်။ မြို့ကို လျှောက်ကြည့်ဖြစ်တော့ မြို့ဆိုပေမယ့် လမ်းကျဉ်းကျဉ်းလေးတွေရယ်၊ အိမ်တွေကလည်း တစ်အိမ်နဲ့ တစ်အိမ် ကပ်နေကြပြီး ချစ်စရာ ပုံစံလေးတွေကြောင့်  နွေးထွေးတဲ့ မြို့ပုံစံကို ဖော်ပြ နေသလိုမျိုးပါ။

ညရောက်တော့ ကျွန်မတို့ အဖွဲ့ တည်းခိုခန်းနားက ဈေးတန်းမှာ ရောင်းနေတဲ့ မုန့်မျိုးစုံကို တစ်ဆိုင်ပြီး တစ်ဆိုင် လျှောက်စားခဲ့ကြတဲ့ အမှတ်တရ ညပါ။ ကျွန်မတို့ အဖွဲ့ရဲ့ နောက်ဆုံးညမို့ စိတ်ထဲမှာ ခံစားချက် ကိုယ်စီနဲ့ပါ။ ကျွန်မတို့ အဖွဲ့ဟာ ကျောင်း ၃ နှစ် တက်ခဲ့ကြပေမယ့် မခင်မိကြဘဲ မြောက်ဦး မြေရောက်မှ အရမ်း ခင်သွားကြတဲ့ တကယ့် မောင်နှမတွေပါ။ မြောက်ဦးသား ဖြစ်တဲ့ ဘသန်းက ကျန်ခဲ့ရသူမို့ သူ့အတွက် လက်ဆောင် ပေးကြဖို့ စဉ်းစားမိပြီး ယောက်ျားလေးတွေကို လက်ဖက်ရည် ဆိုင်မှာ ထားခဲ့ပြီး ကျွန်မတို့ မိန်းကလေးတွေ ဆိုင်တွေကို ပတ်ပြီး ပစ္စည်း ရှာကြပါတယ်။

ဟိုဟာ ပေးရနိုးနိုး၊ ဒီဟာ ပေးရနိုးနိုးနဲ့ နောက်ဆုံးတော့ ကျွန်မတို့ ခရီးရဲ့ အမှတ်တရ ဓာတ်ပုံတွေ ထည့်ဖို့ Album ကြီးကြီး တစ်အုပ် ၀ယ်ပေးဖြစ်ပါတယ်။ ကျွန်မအစ်ကို ၀မ်းကွဲကလည်း စာအုပ်ကလေးတွေ တစ်ယောက်တစ်အုပ် လက်ဆောင်ပေးတော့ အပြန်အလှန် Auto ထိုးခိုင်းကြတော့တာပါပဲ။ ကျွန်မတို့ အဖွဲ့က အတူတူ တည်းနေကြလို့ အခန်းရောက်မှ ရေးလို့ ရပေမယ့် ဘသန်းခမျာ တစ်ထိုင်တည်း နဲ့ Auto စာအုပ် ၉ အုပ်မှာ ခေါင်းမဖော်တမ်း ရေးပေး ရပါတော့တယ်။

ကျွန်မတို့အဖွဲ့ တည်းခိုခန်း ပိတ်ချိန် ရောက်မှပဲ ဆိုင်က ထခဲ့ကြပါတယ်။ အခန်းထဲရောက်တော့လည်း Auto တွေ ရေးကြ၊ စကားတွေ ပြောကြနဲ့ တော်တော်နဲ့ မအိပ်ကြလို့ ဘေးအခန်းက လူတွေနဲ့ စကားနိုင် လုခဲ့တဲ့ညပါ။ မနက် ၅ နာရီကတည်းက ကားဂိတ် ဆင်းကြပါတယ်။ ကားထွက်ခါနီး ဘသန်း ရောက်လာပြီး လမ်းမှာစားဖို့ မုန့်တွေရယ်၊ ဆေးရောင်ခြယ်တဲ့ အရုပ်ပုံတွေရယ် လာပေးတော့ ခွဲခွာ ရမှာမို့ ရင်ထဲမှာ ၀မ်းသာဝမ်းနည်းနဲ့ ဖြစ်ခဲ့ကြပါသေးတယ်။

ကျွန်မဘ၀ရဲ့ ပထမဆုံး သူငယ်ချင်းတွေ စုပြီး သွားရတဲ့ ခရီးကို အမြဲတမ်း အမှတ် ရနေမှာ သေချာပါတယ်။ ဓာတ်ပုံလေးတွေ ထုတ်ကြည့်ဖြစ်တိုင်း ခင်မင်ခဲ့ကြတာတွေကို သတိ ရနေမှာပါ။ ဒါကြောင့် teen ရဲ့ စာဖတ် ပရိသတ်၊ ကျွန်မရဲ့သူငယ်ချင်းတွေလည်း ခံစားမှု မျိုးစုံ ပေးနိုင်တဲ့ ခရီးသွားခြင်းကို လက် မလွှတ်ကြနဲ့နော်။ အခါအခွင့် သင့်လို့ ရခိုင်က ကျွန်မတို့ ကျောက်ဖြူမြို့ကို ရောက်ခဲ့ရင်လည်း ကျွန်မဆီကို ၀င်လည်ဖို့ မမေ့နဲ့နော်။ သူငယ်ချင်းတွေ အတွက် အမြဲတမ်း Welcome ပေါ့နော်။