Wednesday, February 9, 2011

ရခိုင်ပြည်နယ်အတွင်း၌ စက္ကူစက်ရုံတစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရ

0 Comment

တောတောင်ထူထပ်စွာ ပေါများသော ရခိုင်ပြည်နယ် အတွင်းမှ ထွက်ရှိသည့် ၀ါးများကို အသုံးပြုကာ စက္ကူစက်ရုံတစ်ခုကို တည်ဆောက်သွားရန် ရှိကြောင်း သိရှိရသည်။

အဆိုပါ စက္ကူစက်ရုံကို ကျောက်တော်မြို့နယ်အတွင်း တည်ဆောက်နိုင်ခြေ ရှိကြောင်း၊ လေးမြို့ချောင်း၊ တောဖျားချောင်း၊ ဒလချောင်းနှင့်အခြားသော ချောင်းများ၏ အထက်ပိုင်းမှ ထွက်ရှိသော ၀ါးများကို ထိုချောင်းများအတိုင်း ထုတ်ယူနိုင်လေ့ရှိရာ စက္ကူစက်ရုံ တည်ဆောက်သွားရန်အတွက် လုပ်ဆောင်လာခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။ ရခိုင်ပြည်နယ်သည် ၀ါးပေါသော ဒေသတစ်ခု ဖြစ်သည်နှင့်အညီ ၀ါးများကို နှစ်စဉ် ပြည်ပသို့တိုင် တင်ပို့ရောင်းချလျက် ရှိသော်လည်း ပြည်တွင်း ၀ါးလိုအပ်ချက်ကို ထိခိုက်မှု မရှိကြောင်း၊ ယင်းအတွက် စက္ကူစက်ရုံ တည်ဆောက်ခြင်းသည် ဒေသတွင်း၌ များစွာ အကျိုးရှိမည် ဖြစ်သည့်ပြင် ယင်းစက္ကူများကိုလည်း ရခိုင်ပြည်နယ်အတွင်း အသုံးပြုနိုင်မည် ဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးက ''ကျောက်တော်မြို့နယ်မှာ တည်ဆောက်မယ် ဆိုတာထက် ၀ါးရရှိနိုင်မှုအတွက် ပုဏ္ဏားကျွန်းမြို့နယ်မှာဆို ပိုသင့်တော်မယ်လို့ ထင်ပါတယ်။ အခု ထွက်ပေါ်နေတဲ့ သတင်းအရဆိုရင် ကျောက်တော်မှာပဲ တည်ဆောက်သွားမယ်လို့ သိရတယ်။ ဒါပေမယ့် စက္ကူကြောင့် ဖြစ်ပေါ်လာမယ့် သဘာ၀၀န်းကျင် ပျက်စီးမှုအပိုင်းကိုတော့ အလေးထားရလေ့ရှိတယ်။ စက်ရုံတည်ဆောက်တဲ့ နေရာရဲ့ပတ်ဝန်းကျင်မှာ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ပေါ်တတ်တာကြောင့် နည်းစနစ်တွေကောင်းဖို့ လိုပါတယ်။ ဒါကြောင့် စက္ကူစက်ရုံ တည်ဆောက်ခြင်းရဲ့ အကျိုးနဲ့အတူ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် သဘာဝ အရင်းအမြစ်အပိုင်းကို ထည့်တွက် စဉ်း စားဖို့လိုပါတယ်''ဟု ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို သုံးသပ် ပြောကြားခဲ့ ပါသည်။

ရခိုင်ပြည်နယ်အတွင်း စက္ကူစက်ရုံ မရှိသေးသဖြင့် လိုအပ်ချက်တစ်ခုအား ဖြည့်ဆည်းနိုင်ရန် စီမံခြင်း ဖြစ်သဖြင့် ဒေသတွင်းမှ ၀ါးများကို လွယ်ကူစွာ အသုံးချနိုင်ရန် ၀ါးများ သယ်ယူရေး လမ်းကြောင်းများကိုလည်း ထည့်တွက် လေ့လာမှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

''ဒီဇင်ဘာလလောက်ကတော့ ကျွန်တော်တို့ လေးမြို့ချောင်း ဒေသကို အဖွဲ့တစ်ဖွဲ့ ရောက်လာတယ်။ ကျွန်တော်တို့လို ၀ါးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ တွေ့ဆုံပြီး ၀ါးထွက်ရှိမှု အခြေအနေတွေကို လေ့လာမေးမြန်းခဲ့တယ်။ကျွန်တော်တို့ သိရသလောက်ကတော့ စက္ကူစက်ရုံ တစ်ခုကို တည်ဆောက်သွားမှာ ဖြစ်တယ်လို့ သိရတယ်။ ကျွန်တော်တို့ ထင်တာက ပုဏ္ဏားကျွန်းမှာ တည်လိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် အခုက ကျောက်တော်မြို့နယ်ထဲမှာ တည်ဆောက်မယ်လို့ သတင်း ထွက်ပေါ်နေတော့ ဘယ်မှာ တည်ဆောက်မယ် ဆိုတာတော့ အတိကျ မသိဘူး''ဟု လေးမြို့ချောင်း ဒေသဘက်မှ ၀ါးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

လေးမြို့ချောင်းဒေသသည်လည်း ရခိုင်ပြည်နယ်အတွင်း ၀ါးအထွက် ကောင်းသော ဒေသတစ်ခုဖြစ်ရာ ယင်းဒေသမှ ၀ါးများကို စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင် မြို့များအပြင် ဘူးသီးတောင်မြို့နယ်သို့တိုင် တင်ပို့ ရောင်းချကြလေ့ ရှိကြောင်းလည်း သိရပါသည်။

source: EMG