Monday, December 6, 2010

မြေပုံမြို့နယ် ကြက်မူတောင်ကျွန်းရွာတွင် ဂီရိဒုက္ခသည်များ အကူအညီလိုအပ်နေ

0 Comment
မြေပုံမြို့နယ် ထုံချောင်းအုပ်စု ကြက်မူတောင်ကျွန်းရွာ တွင် နေထိုင်သည့် ဂီရိဒုက္ခသည်များ စားဝတ်နေရေး အကူအညီ လိုအပ်နေကြောင်း ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင်ပေးပို့သည့် သတင်းရ သိရှိရသည်။ 

အောက်တိုဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်အတွင်း ၀င်ရောက် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကြောင့် မြေပုံမြို့နယ် ကြက်မူတောင်ကျွန်းရွာတွင် အိမ်ခြေ၄၁ အိမ် လုံးဝပျက်စီးသွားခဲ့ပြီး လူဦးရေ ၁၄၆ ယောက် အိုးအိမ်မဲ့ဖြစ်ကာ ယခုအချိန်အထိ စားဝတ်နေရေး အကူအညီများလိုအပ်နေကြောင်း သိရှိရသည်။ 

၂၀၀၆-၂၀၀၇-ခုနှစ် အတွင်း ရခိုင်ပြည် နေရာဒေသ အသီးသီးမှ ရေလုပ်ငန်းလုပ်ကိုင်ကြသူများသည် ထို ကြက်မူတောင်ကျွန်းသို့လာရောက်ပြီး ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ယင်း အခြေချနေထိုင်ခဲ့ကြသူများ ဖြစ် သောကြောင့် အစိုးရမှ တရားဝင် အသိအမှတ်ပြု ခံထားရသည့် ရွာမဟုတ်သေးကြောင်းလည်း သိရှိရသည်။

မြေပုံမြို့နယ်သို့ အကူအညီများရောက်ရှိလာသော်လည်း ၎င်းရွာသားများမှာ အကူအညီများ လုံးဝမရရိုကြ သောကြောင့် အမိုးအကာများကို အဆင်ပြေသလိုကာရံပြီး ဆန်ကွဲများကို ကျိုချက်ကာ စားသောက်နေရ ကြောင်း ပေးပို့လာသည့်သတင်းအရ သိရသည်။ 

၂၀၁၀-ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ထိုသတင်းကိုရရှိပြီး ကြက်မူတောင်ကျွန်းရွာကိုသွားရောက်ကာ ခေါက်ဆွဲခြောက်များနှင့် ငါးသတ္တာဗူးများ လှူဒါန်းခဲ့သော်လည်း အကူအညီများ ဆက်လက်လို့အပ်နေကြောင်း သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ တာဝန်ရှိသူများသည် ကြက်မူ တောင်ကျွန်းရွာသို့ ထပ်မံသွားရောက်ပြီး ဆန်များလှူဒါန်းမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

မုန်တိုင်းဒဏ်အပြင်းထန်ဆုံးခံခဲ့ရသော မြေပုံ၊ကျောက်ဖြူ၊ မင်းပြား၊ ပေါက်တောမြို့နယ်တို့တွင်ကောက်ပဲ သီးနှံ ၅ ရာခိုင်နှုန်းနှင့် ငါးပုစွန်ကန်ဧက ၅၀,၀၀၀ ကျော်မှာ လုံးဝပျက်စီးသွားကြောင်း၊ ထိုဒေသများ၌ လာမည့် ၃ လ တွင် အလုပ်လက်မဲ့ လူဦးရေ များပြားလာနိုင်ကြောင်း၊ ၅ နှစ်အောက် ကလေးငယ် ၆၀၀ ၀န်းကျင်မှာလည်း အစာ အာဟာရ ချို့တဲ့မှုနှင့် ကြုံတွေ့ လာရနိုင်ကြောင်း UN OCHA (ကမ္ဘာ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ကွပ်ကဲမှုရုံး) ၏ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန် သော မုန်တိုင်း အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။


သတင်းပို့ပေးသော မကြီးကို မေဃ၀တီညီအကိုများမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။