Wednesday, December 8, 2010

ရခိုင်သားတို့ဖျော်ဖြေမယ့် ဂီရိမုန်တိုင်းရန်ပုံငွေပွဲ

0 Comment
ဇွန်ပန်းပွင့်
 
ဂီရိလေ မုန်တိုင်း ပြန်လည်ထူထောင် ရေးလုပ်ငန်း တွေမှာ တစ်ဖက်တစ်လမ်း ကနေကူညီနိုင်ဖို့အတွက် 'ရှင်သန်နိုးထ အာရက္ခ' လို့ အမည်ပေးထားတဲ့ ရန်ပုံငွေရခိုင် အနုပညာဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
 
ရန်ပုံငွေဖျော်ဖြေပွဲမှာ လေးဝတီရခိုင် အနုပညာအဖွဲ့ နဲ့အတူ Plus Three Bandက တီးခတ်ပေးမှာ ဖြစ် သလို ရခိုင်တိုင်းရင်းသား ရုပ်ရှင် သရုပ်ဆောင်တွေ လည်း ပါဝင်ဖျော်ဖြေကြမယ်လို့ သိရ ပါတယ်။
 
"ရခိုင် လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းသဘင် အခမ်းအနား တွေမှာ ရခိုင်ရိုးရာနဲ့ ခေတ် ပေါ် တေးဂီတတွေ၊ ရခိုင် ယဉ်ကျေးမှုသရုပ် ဖော်အကတွေကို တင်ဆက်နေတဲ့ လေးဝတီ ရခိုင်အနုပညာ အဖွဲ့က အဆို၊ အက၊ ရိုးရာယိမ်းအကတွေနဲ့ ဖျော်ဖြေ မှာပါ။

ရခိုင်အနုပညာရှင်တွေဖြစ်တဲ့ အောင်လွင်၊ အရိုင်း၊ နေတိုး၊ မင်းသွေး၊ ခန့်စည်သူ၊ နေထက်လင်း၊ ဘုန်းလျှံ၊ ရတနာမိုင် တို့ကလည်း ပဒေသာဖျော်ဖြေပွဲမှာ ပါဝင်အားဖြည့်ပြီး ရခိုင်အဆိုတော်တွေကတော့ ရခိုင်သီချင်း တွေနဲ့ဖျော်ဖြေမှာပါ"လို့ ပွဲစီစဉ်သူတစ်ဦး ဖြစ်တဲ့ ဦးထွန်းလှိုင်က ပြောပါတယ်။

"ဒီရန်ပုံငွေဖျော်ဖြေပွဲမှာ ပါဝင်တဲ့ အနုပညာရှင်အားလုံးက အနုပညာအလှူပေးတာပါ။ ပွဲအတွက်ရတဲ့ ၀င်ကြေးတွေကို ဂီရိဒဏ်သင့်ရခိုင် ဒေသတွေကို တိုက်ရိုက်သွားရောက် လှူဒါန်းနေတဲ့ အဖွဲ့တွေကို အဲဒီနေ့ မှာပဲ ချက်ချင်းလှူမှာပါ" လို့ သူက ဆိုပါတယ်။

ဖျော်ဖြေပွဲကို ဗီစီဒီ ရိုက်ကူးဖြန့်ချိ သွားမယ်လို့လည်း သိရပြီး အဲဒီကရရှိ တဲ့ရန်ပုံငွေကိုလည်း ဆက်လက် လှူဒါန်း သွားမယ်လို့သိရပါ တယ်။

ဖျော်ဖြေပွဲကြည့်ရင်း အလှူဒါနပြု လုပ်လိုတယ်ဆိုရင် လက်မှတ်တွေကို ကျပ် ၁,၀၀၀၊ ၃,၀၀၀၊ ၅,၀၀၀ သတ်မှတ်ထားပါတယ်။ ရခိုင်ဓမ္မာရုံ (ရွှေတိဂုံ ဘုရားအရှေ့ဘက်မုခ်၊ အာဇာနည်လမ်း)၊ အလိုတော်ပြည့် ကျောင်းနဲ့ ရခိုင်ထမင်းဆိုင်တွေမှာ ၀ယ်ယူ အားပေးနိုင်ပါတယ်။
 

The Myanmartimes-အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၅)