Wednesday, December 8, 2010

ဂီရိမုန်တိုင်းသင့်ဒေသအတွက် နိုင်ငံတကာအကူအညီ အမေရိကန် ဒေါ်လာ ၁၈ သန်းသာ ရရှိထားသေး

0 Comment
ဖြူဖြူဇင်

အောက်တိုဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ဂီရိဒဏ်သင့် ခဲ့သူများအား အရေးပေါ် အကူအညီပေးရန်နှင့် ပြန် လည်ထူထောင်ရေးအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၅၃ သန်း လိုအပ်ကြောင်း ကြေညာထားပြီး လက်ရှိအချိန်အထိ ဒေါ်လာ ၁၈ သန်းဖိုးသာ သုံးစွဲ နိုင်သေးကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ညှိနှိုင်း ရေးမှူး မစ္စတာဘီရှိုး ပါရာဂျူလီက ပြောကြားသည်။

ယင်းသို့ အကူအညီများပေးခြင်းအပေါ် အလှူရှင်အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ကြောင်းနှင့် လယ်ယာစိုက်ပျိုးရေးနှင့် အသက်မွေး ၀မ်းကျောင်းကဏ္ဍများတွင် အကူအညီများ အထူးလိုအပ်ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က ကုလသမဂ္ဂကထုတ်ပြန် သည့် ကြေညာချက်ထဲတွင် ၎င်းက ပြောကြားသည်။

"ဒီဒေသခံတွေ၊ မုန်တိုင်းဒဏ်သင့်သူတွေအတွက် အဓိကလိုတာက သူတို့ခြေထောက်ပေါ် သူတို့ပြန်ရပ်တည် နိုင်အောင် လုပ်ပေးဖို့ပါ။ တကယ်လို့ အသက်မွေးဝမ်းကျောင်းနဲ့ စိုက်ပျိုးရေးကို အထောက်အကူ မပြုနိုင် ခဲ့ရင် သူတို့က ဒီအရေးပေါ်အကူအညီတွေမှာပဲ မှီခို နေရလိမ့်မယ်"ဟု မစ္စတာဘီရှိုး ပါရာဂျူလီက ပြော သည်။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အစီရင်ခံစာအရ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုး သီးနှံများ၏ ၅၀ ရာခိုင်နှုန်း ကျော်ပျက်စီးသွားခဲ့ပြီး စပါးတန်ချိန် မက်ထရစ်တန် ၁၉၀,၀၀၀ ခန့် ဆုံးရှုံးမည်ဟု ခန့်မှန်း ကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်၏ ဒေသ အများစုသည် စပါးကို တစ်နှစ်လျှင် တစ်ကြိမ်သာ စိုက်ပျိုး နိုင်သည့် အတွက် ဒေသရိက္ခာအတွက်သာမက၊ စီးပွားရေးအတွက်ပါ ထိခိုက်မည်ဟု ဆိုသည်။
 
အဆိုပါမုန်တိုင်းကြောင့် လယ်ယာမြေမရှိသူများနှင့် လယ်မြေပိုင်ရှိသူများပါ အလုပ်အကိုင်အခွင့်အလမ်းများ ပျက်စီးပြီး စီးပွားရေး ထိခိုက်ကာစားနပ်ရိက္ခာဖူလုံရေးအတွက် ထိခိုက်ခဲ့ရသည့်အပြင် စပါးကျီများ ရေမြုပ် ခြင်းကလည်း အကြောင်းတစ်ရပ်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
 
အသက်မွေးဝမ်းကျောင်းကဏ္ဍအတွက် လိုအပ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၏ လေ့လာ ချက်အရ လယ်လုပ်သူ မိသားစု ၈၆,၀၀၀ ကျော်နှင့် တံငါလုပ်သား မိသားစု ၇,၅၀၀ ကျော်မှာ အလုပ်အကိုင် မရှိမှုကြောင့် အစားအစာလိုအပ်ချက် ရှိနေ သည်ဟု သိရသည်။
 
အစားအစာ မလောက်ငမှုကြောင့် မုန်တိုင်းဒဏ်ခံမိသားစုများတွင်၊ အာဟာရချို့တဲ့မှု ဖြစ်ပွားလာသည်ဟု ဆိုသည်။
 
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၏ အစီရင်ခံစာအရ ကလေး ၄,၀၀၀ ခန့်မှာ အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့နေ ရပြီး နောက်ထပ် ကလေး ၄၀၀ ခန့်မှာ ပြင်းထန်သော အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့ နေရ ကြောင်း သိရသည်။
 
အသက် ခြောက်လမှ ငါးနှစ်အတွင်းရှိ ကလေးငယ်များအတွက် ယခုလက်ရှိအနေအထားထက် ပိုမိုသက်သာ ပျော်ရွှင်သောဘ၀မျိုး လိုအပ်နေပြီး ယခုအနေအထားအတိုင်း ဆက်သွားပါက ကလေး ၁၈,၀၀၀ ကျော်မှာ ဆိုးဝါးသော အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ အထိ စုစုပေါင်း အစားအစာ မက်ထရစ်တန် ၁,၇၁၈ တန်ကို လူနှစ်သိန်း ကျော်အတွက် ဝေငှ ထားနိုင်ခဲ့ကြောင်းနှင့် အိမ်ပေါင်းနှစ်သောင်းကျော် လုံးဝ ပျက်စီးသွားသည့်အတွက် နေစရာ၊ ရေနှင့်သန့်ရှင်းရေး၊ ပညာရေး၊ ကျန်းမာရေးအတွက်၊ အထောက်အပံ့များလိုအပ်နေကြောင်း ကြေညာချက်တွင် ပါရှိသည်။
 
"မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီတာ မြန်ပါတယ်။ ကုလအဖွဲ့တွေက ဒေသခံတွေ လိုအပ်တဲ့ အကူ အညီရအောင် အလှူရှင်တွေ၊ ဒေသအာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့တော့ လိုမယ်" ဟု မစ္စတာ ဘီရှိုးက ပြောသည်။
 
The Myanmartimes -အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၅)