Sunday, December 5, 2010

ရခိုင်ပြည်နယ်၏ ငါးဖမ်း လုပ်ငန်းနှင့် အသေးစား မွေးမြူရေး လုပ်ငန်းများကို FAO မှ ကူညီမည်

0 Comment


                  မုန်တိုင်းကြောင့် ပျက်စီးခဲ့သော စပါးခင်းများ 
ဂီရိမုန်တိုင်းဒဏ် သင့်ခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အချို့တွင် ဆန်စပါး အထွက်နှုန်း လျော့ကျ နိုင် သည့် အခြေအနေရှိနေသဖြင့် ငါးဖမ်းလုပ်ငန်းနှင့် အသေးစား မွေးမြူရေး လုပ်ငန်းများကို ကူညီရန် ကုလ သမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO) က စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ကြောင့် လယ်ယာမြေ အမြောက်အများ ပျက်စီးခဲ့ပြီး မုန်တိုင်း တိုက်ခတ် ချိန်မှာ မိုးလွန်ကာလ ဖြစ်သဖြင့် စပါးကို ပြန်လည်မစိုက်ပျိုးနိုင်သဖြင့် ယခုကဲ့သို့ ငါးဖမ်းလုပ်ငန်းနှင့်အသေး စား မွေးမြူရေး လုပ်ငန်းများကို ထူထောင်ပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

FAO ၏ အစီင်ခံစာ အရ ဂီရိမုန်တိုင်းကြောင့် လယ်ယာမြေဧက ၉၇၁၂၅ ဟက်တာကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါ ပမာဏမှာ ရခိုင်ပြည်နယ်၌ စပါးခင်းများ၏ ထက်ဝက်နီးပါးက ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းတွင် တိုက်ခတ်ခဲ့သော နာဂစ်မှာ မိုးမကျမှီ တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး မုန်တိုင်း ကြောင့် လူအသေအပျောက်နှင့် ဆုံးရှုံးမူ ပမာဏ များပြားသော်လည်း စိုက်ပျိုးရေးရာသီ မိုးကာလအတွင်း စပါးများကို ဒေသအတွင်း အနည်းနှင့်အများ စိုက်ပျိုးနိုင်ခဲ့ပြီး သောက်သုံးရေ ပြဿနာမှာလည်း များစွာ မပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ရခိုင်တွင် တိုက်ခတ်ခဲ့သော ဂီရိမှာ မုန်တိုင်းမှာ မိုးအကုန် စပါးများဖူးငုံစ အချိန်တွင် တိုက်ခတ်ခဲ့သဖြင့် စပါး များကို ပြန်လည် စိုက်ပျိုးရန် အခွင့်အရေး မရှိသဖြင့် ဒေသခံများ အတွက် အထူးနစ်နာမူ ဖြစ်ခဲ့ကြောင်း သိရသည်။ ရေတွင်း ရေကန်များတွင်လည်း ဆားငံရေများ ၀င်သွားသဖြင့် သောက်သုံးရေ ရရှိရန် နောက် တနှစ် မိုးရာသီ အထိ စောင့်ဆိုင်းကြရမည် ဖြစ်သည်။

ဂီရိ မုန်တိုင်ကြောင့် အဓိက ထိခိုက် ပျက်စီးခဲ့ကြရသည့် မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တောနှင့် မင်းပြားမြို့နယ် များတွင် ယခုအခါ လူဦးရေ ၂၆၀၀၀၀ ကျော် စားနပ် ရိက္ခာ ပြတ်လပ်မှုဖြင့် ကြုံတွေ့ ရဖွယ်ရှိပြီး လာမည့် သုံးလအထိ စားနပ် ရိက္ခာလိုအပ်သူ ၂၀၀၀၀၀ ကျော်ရှိ နိုင်ကြောင်း FAO က သုံးသပ်ထားသည်။

ဂီရိ မုန်တိုင်း ဝင်သွားတဲ့ အချိန်က စပါးများ ရိတ်သိမ်းရန် နီးကပ်ချိန် ဖြစ်သဖြင့် လယ်သမားများ အတွက် အရမ်းကံဆိုးကြောင်းနှင့် နေအိမ်များတွင် သိုလှောင်ထားသော မျိုးစေ့များနှင့် ဆန်စပါးများ အားလုံး ပျက်စီး သွားသဖြင့် လယ်သမားများ အတွက် အထူး ၀မ်းနည်းစရာကောင်ကြောင်း FAO ၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူက ပြောကြားသည်။

FAO အနေဖြင့် ယခု အခြေအနေတွင် ရခိုင်ပြည်နယ်၌ ဆန်စပါး ထွက်နှုန်းမြင့်မားရေး အတွက် လယ် သမားများကို ကူညီရန် အချိန်နှောင်းနေပြီဖြစ်သဖြင့် စိုက်ပျိုးရေး အစား ငါးဖမ်းလုပ်ငန်းနှင့် အသေးစား မွေးမြူရေးလုပ်ငန်းများကို ကူညီရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။


နိရဉ္စရာသတင်းဌါနမှ ကူးယူထားပါသည်။