![]() |
ဓါတ်ပုံ-သောင်းတင် |
ကျောက်ဖြူမြို့နယ် လူငယ်များသည် ဆိုင်ကလုန်းဂီရိဒဏ်ခံရသည့် ဒုက္ခသည်များအတွက် အရေးပေါ် ကယ် ဆယ်ရေး လုပ်ငန်းများကို အစောဆုံး စတင် ဆောင်ရွက်နေကြပြီဟု လူငယ်မုန်တိုင်း ကယ်ဆယ်ရေး အသင်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဗလကြီးက ပြောသည်။
"ဒီဇင်ဘာလ ၁၅ ရက်နေ့ ရခိုင်ပြည် နယ်နေ့အတွက် လျာထားတဲ့ ရန်ပုံငွေနဲ့ ဒုက္ခသည်တွေကို ကူညီလိုက်ဖို့ အောက်တိုဘာလ ၂၃ ရက်နေ့မနက်က ကျွန်တော်တို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်"ဟု ၎င်းကပြောသည်။
နှစ်စဉ် ရခိုင်ပြည်နယ်နေ့ ကျင်းပရန် စည်းရုံးသည့် လူငယ်ရှစ်ဦးသည် လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံ ကြကာ ၎င်းတို့စုဆောင်းထားသည့် ငွေကျပ်သိန်း ၂၀ အား မုန်တိုင်းသင့် ဒုက္ခသည် များအတွက် လှူဒါန်း သွားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ကိုဗလကြီးက ပြောသည်။
"အစပိုင်းတုန်းကတော့ လူရှစ်ယောက် တည်းပါ။ နောက်တော့ ၆၀ လောက် ဖြစ်လာတယ်"ဟု ၎င်းက ပြောသည်။
ယင်းအဖွဲ့ဝင်များသည် တစ်လမ်းဝင် တစ်လမ်းထွက် မြို့ထဲသို့ လှည့်လည်ကာ မုန်တိုင်းသင့်သူများအတွက် ဆန်နှင့် ထမင်းများ လှူဒါန်းသွားရန် အော်ဟစ် အကူအညီတောင်းခံခဲ့ကြကြောင်းနှင့် ယင်းအဖွဲ့သည်လည်း လူ ၂၅၀ စာ ထမင်းကို နေ့စဉ်ချက်ပြုတ် ကြောင်း ၎င်းက ပြောသည်။"လှူကြတန်းကြတာတွေ အများကြီး လက်ခံရရှိပါတယ်။ အခုဆို ရခိုင်ပြည်နယ်ပြင်ပ ရန်ကုန်ကပါ လှူလာကြတာတွေ ရှိပါတယ်"ဟု ကိုဗလ ကြီးက ဆိုသည်။
ကျောက်ဖြူမြို့ ရေလျှံနေခြင်း လျှော့ချ ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည် မြောင်း ဦးစီးဌာန၏ ခွင့်ပြုချက်ရယူကာ မုန်တိုင်းအတွင်း ကျိုးပျက်ခဲ့သော တမံငါးခုအား လူငယ်လုပ်အား ပေး များက ပြန်လည် ပြုပြင်ခဲ့သည်။
အောက်တိုဘာလ ၂၇ ရက်နေ့အထိ ဆန်အိတ် ၇၀၀ နှင့် အလှူငွေ ကျပ်သိန်း ၄၀ ကို အသင်းက လက်ခံ ရရှိထားကြောင်း ၎င်းက ပြောသည်။
အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ အသင်း၏ ကူညီရေးလုပ်ငန်းများကို ကျောက်ဖြူမြို့ပြင်ပအထိ ချဲ့ထွင်ခဲ့ သည်ဟု ဆိုသည်။
"ကျောက်ဖြူတစ်ဝိုက်က ရေတွေကို သောက်ရေအတွက် ရသလောက်စုတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ပိုးသတ်ပေးတယ်"ဟု ကိုဗလကြီးက ပြောကြားသည်။
သန်းထိုက်ဦး - The Myanmar Times အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၁)
Post a Comment