Sunday, November 28, 2010

နေတိုးရေးတဲ့ နေတိုးဘ၀ စာအုပ်ထွက်မည်

0 Comment
ငြိမ်းအိအိထွေး

ကျရာနေရာမှာ သဘာဝကျကျ၊ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် နိုင်တာမို့ အချိန်တိုအတွင်း ထိပ်တန်း သရုပ်ဆောင်တစ်ဦး ဖြစ် လာတဲ့ သရုပ်ဆောင် နေတိုးက သူ့ဘ၀ရဲ့အမှတ်တရတွေ၊ အနု ပညာ အပေါ်ရူးသွပ် မှုတွေနဲ့ ပရိသတ်မသိသေးတဲ့ သူ့ အကြောင်းကို စာအုပ်အဖြစ် ရေးသားနေတာ ပြီးစီးသွားပြီမို့ နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ဖြန့်ချိသွားမယ်လို့ မြန်မာ တိုင်း(မ်) ကို ပြောပါတယ်။

"အကြောင်း အရာကတော့ အစုံပဲဗျ။ အခုလက်ရှိ အချိန်ထိ ဖြတ်သန်းလာ ရတဲ့ဘ၀၊ သရုပ်ဆောင် တစ်ယောက်ရဲ့ ဘ၀မှာ ခံယူထားတဲ့ ခံယူချက်၊ ပရိသတ်နဲ့ ကျွန်တော့ကြားက အဖြစ် အပျက် လေးတွေ၊ အနုပညာကို ရူးသွပ်တဲ့ အကြောင်း ကျွန် တော်ရေးတဲ့ ကျွန်တော့အကြောင်းပေါ့ဗျာ" လို့ သူ့စာအုပ်နဲ့ ပတ်သက်လို့ သရုပ်ဆောင် နေတိုးက ဆိုပါတယ်။

စာအုပ်အမည်ကို လတ်တလောမှာ မရွေးချယ်သေးဘူးလို့ဆိုပြီး စာအုပ် ထဲမှာခြောက်မျက်နှာ စာကိုယ်တိုင် ရေး ပို့စ်မော်ဒန်ဝတ္ထုတိုတစ်ပုဒ်၊ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတွေ၊ ခရီးသွားမှတ်တမ်းပုံတွေနဲ့ တစ်နှစ် နဲ့ တစ်နှစ် မတူဘဲပြောင်းလဲလာတဲ့ ဖက်ရှင်၊ဘာသာရေးနဲ့ပတ်သက်တဲ့ ယုံကြည်မှုတွေနဲ့ သရုပ်ဆောင် လုပ်မယ့် လူငယ်တွေ အတုယူနိုင်ဖို့ အနုပညာနဲ့ပတ်သက်တဲ့ ဆင်ခြင်စရာတွေကိုပါ စုံစုံလင်လင် ထည့်သွင်း ဖော်ပြထားတယ်လို့ သိရပါတယ်။

"ကျွန်တော်က အနုပညာစာရင်းထဲဝင်သမျှ အတိုအစလေးတွေကအစ အကုန်လုံး လေ့လာလေ့ရှိတယ်။ စာအစုံဖတ်တယ်။ ၀တ္ထု၊ ရသ စာပေ၊ ဗဟုသုတရမယ့် စာတွေ၊ နောက် ဂန္ထ၀င်စာပေတွေ၊ မော်ဒန်တွေ အစုံပါပဲ။ အနုပညာသမားဆိုတော့ စင်ပေါ်တက်ရဖို့ ၀မ်းစာ ပြည့်နေဖို့ လိုတယ်ဗျ"

လို့ ဆိုတာမို့ ပထမဆုံး စာအုပ်ဖြစ်ပေမယ့် အရည်အသွေးရှိမယ့် စာအုပ် တစ်အုပ်အဖြစ် ပရိသတ်တွေ ဖတ်ရှုရ လိမ့်လို့ ခန့်မှန်းလိုက် ပါတယ်။
 
"စာအုပ်ထဲမှာ ကဗျာလည်း ပါမယ်။ ပြည့်ပြည့်စုံစုံအရှည်ကြီးတော့ မဟုတ် ဘူး။ တစ်ဝက်တစ်ပျက်တို့၊ ကဗျာ တိုတို လေးတွေတို့ပါ။ ပန်းချီကားဆိုလည်း ဆေး တစ်ဝက်လောက် ပျက်နေတဲ့ကား တွေပေါ့။ အထူးသဖြင့် တော့ ပရိသတ် မမြင်သေးတဲ့ ကျွန်တော့ အကြောင်း တွေပါ။ ဓာတ်ပုံတွေဆိုလည်း အိပ်ပျော် နေတုန်း ရိုက် ထားတဲ့ပုံလိုမျိုးပေါ့" လို့ သူ့စာအုပ်မှာ လိုအပ်တာတွေအတွက် အားထုတ်လုပ်ကိုင်နေတဲ့ နေတိုးက ရှင်းပြ ပါတယ်။

ငယ်စဉ်ကတည်းက ပန်းချီကို ထမင်းမေ့၊ ဟင်းမေ့ဖြစ်တဲ့အထိ နှစ်ခြိုက်ခဲ့တာ မို့ ပန်းချီကားပုံလေးတွေ ထည့် သွင်းတာ လို့ပြောပြပြီး "ဟိုးတုန်းကဆွဲခဲ့တဲ့ ကား လေးတွေပါ။ ရီရယ်လစ်ဇင် (သရုပ်မှန်ပန်းချီ)ကို သင်ခဲ့ ဖူးတယ်။ ဒါပေမယ့် အနုပညာလောကထဲကို ၀င်လာကတည်းက စုတ်တံတောင် မကိုင်နိုင် တော့ပါဘူး"လို့ ဆိုတာမို့ နေတိုးရဲ့ကလေးဘ၀က အိပ်မက်ကို သိခွင့်ရ ခဲ့ပါတယ်။
 
ဒီလို သရုပ်ဆောင်အလုပ်တွေနဲ့မအားလပ်တဲ့ကြားက စာအုပ်ကို ပြင်ဆင်ရတဲ့သူ့အတွက် အခက်အခဲ တွေ တော့ အများကြီးရှိမှာ သေချာ ပါတယ်။

"အဓိကကတော့ စာအုပ်ရေးမယ်လို့ စဉ်းစားနေတဲ့အကြောင်းကို စာအုပ် ထုတ်တော့မယ်ဆိုပြီး စာမျက်နှာ တွေ ပေါ်မှာ ပါသွားတော့ အတင်းဖိလုပ်ရတာမျိုးဖြစ်သွားတာပေါ့။ ပရိသတ်ကိုလည်း အကြာကြီး စောင့် ရတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူးလေ။ ဒါပေမယ့် အဲဒီ အချိန်က စာမရေးရသေးဘူး။ စာရေးဖို့ စဉ်းစားတုန်း ပဲ ရှိသေးတာ"လို့ သူ့အခက်အခဲကို ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

"ဒီစာအုပ်ထုတ်တယ် ဆိုတာက ကျွန်တော့ပရိသတ်အတွက် ပေးဆပ် တာပါ။ စာအုပ်ဖတ်ပြီးချိန်မှာ ပြီးပြည့်စုံ တဲ့ ကျေနပ်မှုတစ်ခု ရဖို့ ကြိုးစားထားပါ တယ်"လို့လည်း ပြောပါတယ်။

စာအုပ်တန်ဖိုး မခန့်မှန်းရသေးပေမယ့် အမြတ်အစွန်းကို မကြည့်ဘဲ သတ်မှတ်ပေးသွားမှာဖြစ်သလို စာအုပ် တိုက်ကိုတော့ သီးသန့် ထုတ်ဝေမယ်လို့ ဆိုပါတယ်။

The Myanmartimes- အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉)