Wednesday, November 10, 2010

RNDP မဟာမိတ်ဖွဲ့မည်ဟု ပြော

0 Comment

သိန်းဇော် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၄၂ မိနစ်
 

နယူးဒေလီ (မဇ္ဈိမ) ။  ။ ရခိုင်ပြည်နယ် လွှတ်တော်ထဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် စစ်တပ် ကိုယ်စား လှယ်များ  အင်အားကြီးထွားမည့်အရေးကို ကာကွယ်ရန်အတွက် အခြားပါတီများဖြင့် မဟာမိတ်ဖွဲ့ သွားမည်ဟု ပြည်နယ်လွှတ်တော်တွင် ၁၈ နေရာနိုင်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ပြော သည်။ 

အမတ်ဦးရေ ၄၇ ဦးရှိမည့် ရခိုင်လွှတ်တော်၌ RNDP အမတ်ဦးရေ ၁၈ ဦးဖြင့် မစိုးမိုးနိုင်သည့် အပြင် ကြံ့ဖွံ့ ပါတီနှင့် စစ်တပ်ကိုယ်စားလှယ်များကိုပါ အင်အားယှဉ်ရန် တစညအပြင် အခြား ပါတီများဖြင့် မဟာမိတ် ဖွဲ့ရေး ကြိုးပမ်းမည်ဟု RNDP က ပြောဆိုခြင်း ဖြစ်သည်။

’’
၁၈ ဦးနဲ့ ကျနော်တို့ လွှတ်တော်ကို မစိုးမိုးနိုင်ဘူး။ သို့သော် အတိုင်းအတာတခုထိတော့ ထိန်းနိုင် မယ်။ ယာယီ မဟာမိတ်အားဖြင့် တခြားသူတွေနဲ့ လုပ်ဆောင်သွားမှာပါ။ ပြည်နယ်တောင်ပိုင်းမှာ အနိုင်ရတဲ့ တစည ပါတီနဲ့လည်း ပေါင်းပါမယ်’’ ဟု RDNP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

စစ်တပ်ကိုယ်စားလှယ် ၁၁ ဦး (သို့မဟုတ်) ၁၂ ဦးသည် ပြည်နယ် လွှတ်တော်ထဲ ဝင်ရောက် လာမည် ဖြစ် သည်။ ကြံ့ဖွံ့ပါတီ အနိုင်-အရှုံးစာရင်း သိရန်အတွက် ပြည်နယ်ကြံ့ဖွံ့ရုံးကို မေးမြန်း ကြည့်ရာ ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

ပြည်နယ်အစိုးရကို မတရား ဥပဒေများ ပယ်ဖျက်ရန်နှင့် အခွန်နှုန်းထားများ ထိန်းချုပ်နိုင်ရန် တိုက်တွန်း သွား မည်ဟု RNDP က ဆိုသည်။

’’
ပြည်သူတွေက ရွေးပြီးပြီဆိုတော့ ဥပဒေပြုတဲ့အခါ လုပ်ချင်တာ လုပ်မရအောင်၊ ပြည်သူဘက်က ကာကွယ် နိုင်အောင် ပြည်သူအတွက် မလိုအပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်ဖို့ လိုပါတယ်’’ ဟု ဒေါက်တာအေးမောင် က ပြောသည်။

ပြည်နယ်တဝှမ်း ၁ဝ ပါတီ ယှဉ်ပြိုင်ခဲ့ကြပြီး၊ RNDP က ပြည်နယ်လွှတ်တော်အတွက် ၂၃ ဦး ဝင်ပြိုင်ရာ ၁၈ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၈ ဦးအနက် ၇ ဦးနှင့် ပြည်သူ့လွှတ်တော် အတွက် ၁၂ ဦးအနက် ၉ ဦး အနိုင်ရထားသည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။ ပါတီများ အနိုင်-အရှုံးစာရင်းကို မေးမြန်းရန် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ဆက်သွယ်၍ မရခဲ့ပါ။

ပြည်နယ် ၁၇ မြို့နယ်အနက် ၁၃ မြို့နယ်မှ RNDP ဝင်ပြိုင်ခဲ့ရာ မြောက်ပိုင်း ၉ မြို့နယ်မှ ၃၄ နေရာ အနိုင်ရခဲ့သည်။ ကြံ့ဖွံ့နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တစည က ပြည်နယ် တောင်ပိုင်း မြို့နယ် များတွင် အများစု အနိုင်ရသည်။

နောက်ထပ် ရခိုင်ပါတီ တခုဖြစ်သည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နိုင်ငံရေး အင်အားစုပါတီက ၆ နေရာ ဝင်ပြိုင်ရာ နေရာအားလုံး အရေးနိမ်ခဲ့သည်။

ထို့ပြင် ကမန်အမျိုးသား တိုးတက်ရေးပါတီလည်း ပြည်သူ့လွှတ်တော်အတွက် အမတ်လောင်း ၂ ဦး၊ အမျိုးသားလွှတ်တော် ၁ ဦး၊ ပြည်နယ်လွှတ်တော် ၃ ဦးဖြင့် စစ်တွေ၊ သဲတွဲနှင့် ရမ်းဗြဲ မြို့နယ်တို့ တွင် ဝင်ပြိုင်ခဲ့ရာ အရေးနိမ့်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောသည်။

အလားတူပင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီလည်း ကြံ့ဖွံ့ပါတီကို မကျော်နိုင်ခဲ့ ကြောင်း ဒုဥက္ကဋ္ဌ ဦးလှသိန်းက မဇ္ဈိမကို ပြောသည်။

ပြည်နယ်လွှတ်တော်အတွက် အမတ်လောင်း ၃၂ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တစည နှင့် မြို ခေါ် ခမီ အမျိုးသား တိုးတက်ရေးပါတီတို့ အပါအဝင် ကျန်ပါတီများကို ဆက်သွယ်၍ မရပါ။

မဇ္ဈိမသတင်းဌါနမှ သတင်းကိုကူးယူထားပါသည်။