Wednesday, November 17, 2010

စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်း RNDP ကန့်ကွက်

0 Comment
သိန်းဇော် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၂၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။    ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးစေသည့် ရထား လမ်း ဖောက်လုပ်မှုကို လက်မခံဟု မြောက်ဦးမြို့ ရှေးဟောင်းပညာရှင်နှင့် ရခိုင်တိုင်းရင်းသားများတိုး တက် ရေးပါတီ RNDP က ပြောဆိုသည်။

၁ဝ နှစ်ကျော်ကြာ ဖောက်လုပ်နေဆဲဖြစ်သော ၁၅၇ မိုင်ရှည် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်း စီမံကိန်း တွင် အစိတ်အပိုင်းတခုဖြစ်သည့် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင်းပိုင်းကို ယခုလ ၇ ရက်နေ့တွင် စတင်ဖောက်လုပ်ရာ လမ်းတလျှောက် ရှေးဟောင်းစေတီပုထိုး ရုပ်လုံးရုပ်ကြွများ ပျက်စီးလိမ့်မည်ဟု ဆို သည်။ 

ရန်ကုန်တိုင်းမ်ဂျာနယ်အဆိုအရ ရထားလမ်းစီမံကိန်းမှာ ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးပြီဟု သိရသည်။ အမ်း ဘက် ကို ဖောက်လုပ်ရန် ကျန်ရှိနေသည်။

ဘုရားပုထိုး ကျုံးမြို့ရိုးတံတိုင်း စတာတွေ အများကြီး ရှိပါတယ်။ ဒါတွေအားလုံး ပျက်စီးသွားမှာ’’ ဟု မြောက်ဦး ရှေးဟောင်းသုတေသန ဌာနခွဲတွင် နှစ်ပေါင်း ၂ဝ ကျော် လုပ်ကိုင်ခဲ့သည့် ဒုတိယ ညွှန်ကြား ရေးမှူးဟောင်း ဦးကျော်ထွန်းအောင် (အငြိမ်းစား) က မဇ္ဈိမကို ပြောသည်။ 

လမ်းဖောက်လုပ်စ လက်ရှိအချိန်တွင် ရခိုင်သမိုင်းအတွက် တန်ဖိုးရှိသည့် မြို့ရိုးတံတိုင်း၊ ခံတပ် အပါအဝင် သမိုင်းဝင် ရှေးဟောင်းရုပ်ကြွများ စေတီပုထိုးများ ပျက်စီးကာ၊ အထွဋ်အမြတ် ကိုးသောင်း ပုထိုးတော်ကြီး ပျက်စီးနိုင်သည်ဟု သူက ဆိုသည်။

RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း ’’သာသနိက အဆောက်အဦးတွေကို ကွေြ့ပီး သွားရမှာ။ ဒါမှ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာ။ ရထားလမ်း ဖောက်ခြင်းဖြင့် တဖက်က သာသနိက အဆောက်အဦးတွေ မပျက်စီးရအောင်၊ ရထားနဲ့သွားတဲ့ ခရီးသည်တွေ ဖူးမျှော်နိုင်အောင် လမ်းတွေကို ရွေးချယ်ဖို့ လိုတယ်။ အချက်အလက်တွေ စုဆောင်းပြီးတော့ ဥပဒေဘောင်အတွင်းက အများသိအောင် လုပ်မယ်’’ ဟု မဇ္ဈိမကို ပြောသည်။ 

ယခုလ ၁၄ ရက်နေ့တွင် မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲ တာဝန်ခံ ဗိုလ်မှူးချစ်ဦးက ရထားလမ်း ဖောက်သူများကို တားမြစ်ခဲ့သလို၊ စစ်တွေခရိုင် ရှေးဟောင်းသုတေသနဌာနသို့ပါ ရပ်တန့်ပေးရန် စာတင် သဖြင့် နောက်ရက်တွင် စစ်တွေမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောလွင် လာရောက်ဆွေးနွေးခဲ့သည်။ သို့သော် ယမန်နေ့တွင်မူ ဆက်လက်၍ ဖောက်လုပ်လာပြန်သည်။ 

ရခိုင်ပြည်နယ် နေရာအနှံ့ ရှေးဟောင်းအမွေအနှစ်များ ရှိသော်လည်း မြောက်ဦးမြို့တော်သည် ရခိုင်ဘုရင် အဆက်ဆက် နန်းစိုက်ခဲ့ရာ မြို့ဖြစ်ပြီး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်း သိမ်းရာ မြို့လည်း ဖြစ်သည်။  အေဒီ ၁၇၈၅ ခုနှစ်တွင် ရခိုင့်နောက်ဆုံးဘုရင် မဟာသမ္မတ မင်းနန်း စိုက် ခဲ့ပြီး၊ ရခိုင်တို့၏ နောက်ဆုံး ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ဒေသဖြစ်ကြောင်း ရမ်းဗြဲ တောင် ကျောင်းဆရာတော် ပြုစုရေးသားခဲ့သည့် ရခိုင်ရာဇဝင် သိုက်ကျမ်းများတွင် ဆိုထားသည်။ မြို့တော် ဟောင်း နေရာ အကျယ်အဝန်းမှာ ၁ဝ မိုင်ဝန်းကျင် ရှိသည်။ 

ရခိုင်ပြည်နယ်ရှိ ပြတိုက်များတွင် ရှေးဟောင်း အမွေအနှစ်များ တစထက်တစ နည်းပါးလာသလို၊ လက်ရှိ ရှေးဟောင်း သုတေသန ဌာနကလည်း စနစ်တကျ မပြုပြင်သဖြင့် ယိုယွင်းပျက်စီးမှုနှင့် ပျောက်ရှမှုများ ရှိနေ သည်ဟု ကန့်ကွက်သူများက ဆိုကြသည်။ 

ဦးကျော်ထွန်းအောင်က ’’အရင်ကဆိုရင် လမ်းတွေဘာတွေ ဖောက်လုပ်တဲ့အခါမှာ ရှေးဟောင်း အဆောက် အဦးတွေ တွေ့ခဲ့ရင် ချက်ချင်းရပ်ပြီး၊ အဲဒီရှေးဟောင်းပစ္စည်းတွေကို အရင်မူလအတိုင်း ပြုပြင်ခဲ့တာတွေ ရှိတယ်။ အဲဒီနေရာမှာလည်း လမ်းဆက်မဖောက်တော့ဘူး။ အခုလမ်းဖောက်တဲ့အခါ ရှေးဟောင်း အမွေ အနှစ်တွေ တွေ့ရင်လည်း မရပ်မနားဘဲ ဆက်ဖောက်ဆိုတဲ့ဟာက တော်တော့ကို အရုပ်ဆိုးပါတယ်’’ ဟု ပြောသည်။ 

၁၉၅ဝ ခုနှစ်တွင် နိုင်ငံတော်က မြောက်ဦးမြို့၌ ရှေးဟောင်းသုတေသန ဌာနခွဲကို စတင်ထားရှိခဲ့ခြင်း ဖြစ် သည်။