Thursday, November 25, 2010

ရွေးကောက်ပွဲအနိုင်ရ ရခိုင် တိုင်းရင်းသား ပါတီကို စစ်အစိုးရ ၀န်ကြီးတွေ လာရောက်တွေ့

0 Comment
2010-11-24
ရခိုင် တိုင်းရင်းသားများ ဖွံ့ ဖြိုးတိုးတက်ရေးပါတီ RNDP က ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် တွေ စစ်အစိုးရ၀န်ကြီးတွေနဲ့ ဒီနေ့ တွေ့ ဆုံတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ကနေ ကမကထ ပြုလုပ်ပေးတဲ့ အတွက် စစ်အစိုးရ ၀န်ကြီး ဦး အောင်သောင်း အပါအ၀င် ပို့ဆောင်ရေးဝန်ကြီး ဦးသိန်းဆွေ တို့ဟာ စစ်တွေမြို့မှာ ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ရွေးကောက် တင်မြှောက်ခြင်း ခံရတဲ့ ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့  အဖွဲ့ကို တွေ့ ဆုံခဲ့တယ်လို့ ဒေါက်တာအေးမောင်က အာအက်ဖ်အေကို ပြောပြပါတယ်။

"ဒါကတော့ အလုပ်သဘောပါ။ ကျနော်တို့ ကလဲ CEC နဲ့တိုင်ပင်ပြီးမှ လုပ်ရမဲ့သဘောပါ။ ကျနော်တို့ ရဲ့  ပါတီဦးတည်ချက်ကို မေးတာပါ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုတက်ရေးနဲ့ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ကြောင်း ကျနော်တို့ကလည်း ရှင်းပြပါတယ်။ နောက် ပြည်ထောင်စု တနံတလျား နိုင်ငံရေး စီးပွါးရေး လူမှု ရေး တန်းတူရှိမှု ဒါတွေကို ကျနော်တို့ ရှင်းပြပါတယ်။ "

အဲဒီလို နှစ်ဖက်တွေ့ ဆုံပွဲမှာ ရခိုင်ပြည်နယ်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိကထားဆွေးနွေးခဲ့တာ ဖြစ်ပါ တယ်။ ရခိုင်တိုင်းရင်းသားများ ဖွံ့ ဖြိုးတိုးတက်ရေးပါတီ RNDP အနေနဲ့  ဒေသတွင်းနဲ့  ပြည်ထောင်စုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘယ်ပါတီနဲ့မဆို ပူးတွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့  အာအက်ဖ်အေကို ပြောပါ တယ်။

ပြည်သူလူထုကို ထိခိုက်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်မဲ့ လုပ်ငန်းမျိုးဆိုရင် ပြန်လည် သုံးသပ် ဆွေးနွေး တင်ပြ၊ လိုအပ်ရင် လိုအပ်သလို ကန့်ကွက်သွားရန်မှာ ပါတီ၏မူ ဖြစ်ကြောင်း ရှင်းပြခဲ့တယ်လို့  သိရပါတယ်။
ဒေါက်တာအေးမောင် ပြောပြချက်အရ လက်ရှိ ရခိုင်ပြည်နယ်မှာ လျှပ်စစ်မီး တရက်ကို ၄ နာရီ လောက်သာ ရရှိတာကနေ ၂၄ နာရီလုံး ရဖို့ ကနေ စပြီး ဆောင်ရွက်ပေးဖို့ လည်း ဆွေးနွေးခဲ့တယ် လို့ ဆိုပါတယ်။
 
တချိန်တည်းမှာလည်း ရခိုင် ပြည်နယ်အတွင်း စစ်တွေ-မင်းဘူး မီးရထား လမ်းဖေါက်လုပ်ရာမှာ မြောက်ဦး အပိုင်း ဖေါက်တဲ့လမ်းမှာ ရခိုင် လူမျိုးတွေရဲ့ ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးတာတွေ ရှိတဲ့အတွက် ဒေသခံတွေက မကျေမနပ် ဖြစ်နေတာတွေလည်း ရှိနေတဲ့အတွက် ဒီကိစ္စအပေါ် လာရောက် ဆွေးနွေး တာလည်း ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
 

အာအက်ဖ်အေ သတင်းဌါနမှ ကူးယူထားပါသည်။